မြွေဆိပ်ဖြေဆေး အအေးခဲခြောက် ထုတ်လုပ်ရေးစက် အသစ်တစ်လုံး ထပ်မံတပ်ဆင်လိုက်သည့်အတွက် ဖြေဆေး နှစ်ဆတိုးမြှင့် ထုတ်လုပ်နိုင်တော့မည်

0
334

စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်းလက်အောက်ရှိ ဆေးဝါးစက်ရုံ (အင်းစိန်)မှ နှစ်စဉ် မြွေဆိပ်ဖြေဆေး တစ်သိန်းနှစ်သောင်းခန့် ထုတ်လုပ်ပေးလျက်ရှိရာ မြွေဆိပ်ဖြေဆေး အအေးခဲခြောက် ထုတ်လုပ်ရေးစက် အသစ်တစ်လုံး ထပ်မံတပ်ဆင်လိုက်သည့်အတွက် ယခုနှစ်ကစတင်၍ မြွေအဆိပ်ဖြေဆေး နှစ်ဆတိုးမြှင့် ထုတ်လုပ်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အင်းစိန့်နယ်ရှိ ဆေးဝါးစက်ရုံ (အင်းစိန်)မှ မြွေအဆိပ်ဖြေဆေး အလုံးရေ နှစ်သိန်းကျော်ထိ နှစ်ဆတိုးမြှင့် ထုတ်လုပ်သွားမည်ဖြစ်‌ကြောင်း မြန်မာ့ဆေးဝါးလုပ်ငန်းက ဦးဆောင် ညွှန်ကြားရေးမှူး ဒေါက်တာ အောင်ခိုင်က ပြောသည်။

“ဩဂုတ် ၁၄ ရက်က မြွေဆိပ်ဖြေဆေး အအေးခဲခြောက် ထုတ်လုပ်ရေးစက် အသစ်တစ်လုံး ထပ်မံတပ်ဆင်လိုက်တဲ့အတွက် ယခုနှစ်ကစတင်လို့ မြွေအဆိပ်ဖြေဆေး နှစ်ဆတိုးမြှင့် ထုတ်လုပ်နိုင်တော့မယ်။ မြန်မာနိုင်ငံ အနေနဲ့ စိုက်ပျိုးရေးနိုင်ငံဖြစ်သလို ကျေးလက်နေထိုင်သူတွေများတဲ့အတွက် မြွေဆိပ်ဖြေဆေး လိုအပ်ချက် မြင့်မားတယ်။”ဟု ဦးဆောင် ညွှန်ကြားရေးမှူး ဒေါက်တာ အောင်ခိုင်က ဆက်ပြောသည်။

မြွေဆိပ်ဖြေဆေးထုတ်လုပ်ရန် အဓိက မြင်းသွေးရည်ကြည်နှင့် မြွေအဆိပ်များ လိုအပ်သည့်အတွက် တစ်နိုင်ငံလုံးက မြွေများကို ဝယ်ယူစုဆောင်းနေကြောင်းနှင့် မြင်းအကောင်ရေ ၅၀၀ ခန့်ကိုလည်း မွေးမြူထားကြောင်း သိရသည်။

ဆေးဝါးစက်ရုံ (အင်းစိန်)တွင် မြွေပွေးနှင့် မြွေဟောက်အဆိပ်နှစ်မျိုးစလုံးကို ဖြေပေးနိုင်သည့် Bivalent မြွေဆိပ် ဖြေဆေးများကို ထုတ်လုပ်နေပြီး ပြည်တွင်းသုံးစွဲမှုအပြင် အာဆီယံဒေသတွင်း နိုင်ငံများကိုလည်း တင်ပို့ရောင်းချနေကြောင်း သိရသည်။

THE REPUBLIC OF THE UNION OF MYANMAR
MINISTRY OF INDUSTRY
MYANMAR INDUSTRY PORTAL


LEAVE A REPLY

Please enter your comment!
Please enter your name here