မြဝတီ အာရှလမ်းမှ ကုန်စည်ယာဉ်များ ပုံမှန်အတိုင်းပြန်လည်သွားလာနိုင်ပြီဟုဆို

0
185

မြဝတီ – ကော့ကရိတ် အာရှလမ်းပိုင်း ပြုပြင်ထိန်းသိမ်းမှုပြီးစီးပြီဖြစ်သည့်အတွက် ကုန်စည်ယာဉ်များ ပုံမှန်အတိုင်းသွားလာနိုင်ပြီဖြစ်ကြောင်း မြဝတီနယ်စပ် ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

“အခုတော့ ကားကြီးတွေပါ သွားလို့ရပြီ။ အစက ကားသေးလေးတွေကိုပဲ ဖြတ်ခိုင်းတာ။အခုကုန်စည်ယာဉ်တွေလည်း ပုံမှန်အတိုင်းသွားနေပြီ။ အဆင်ပြေသွားပြီပေါ့”ဟု မြဝတီနယ်စပ်မှ သွင်းကုန်လုပ်ငန်းရှင်တစ်ဦးဖြစ်သူ မဇင်မီက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ (၇) ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အာရှလမ်းသစ် ကော့ကရိတ် – မြဝတီ ဒေါနတောင်တက်လမ်းပိုင်းတွင် မြေပြိုကျမှုဖြစ်ကာကုန်သွယ်မှု လမ်းကြောင်း ယာယီပြတ်တောက်ခဲ့ရခြင်း ဖြစ် သည်။

အဆိုပါ တောင်ပြိုကျမှုကြောင့် ပျက်ဆီးသွားခဲ့သည့် ဒေါနတောင်တက် ကားလမ်းပိုင်း နေရာဖြစ်သည့် အာရှလမ်းသစ်မိုင်တိုင် ၁၄၉-၁၅၀ ကြား၊ တောနော်ရေတံခွန် အနီးတွင် သက်ဆိုင်ရာက ယာယီသံပေါင်ဘေလီတံတားထိုး၍ ပြုပြင်ခြင်းများ ဆောင်ရွက်ခဲ့ရာ ယခုအခါတွင်မော်တော်ယာဉ်များ ပြန်လည်သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာယီဘေလီ တံတားတည်ဆောက်မှုမှာ ဩဂုတ် (၂၄) ရက် ညနေပိုင်းတွင် ပြီးစီးခဲ့ခြင်းဖြစ်ကြောင်း၊ ယင်း မြေပြိုမှုဖြစ်ခဲ့သည့် အာရှလမ်းပိုင်းတွင် အစားထိုးလိုက်သည့် ဘေလီတံတား၏ အရှည်မှာ ပေ (၇၀) ရှိပြီး ခံနိုင်ဝန် တန် (၆၀) အထိ ခံနိုင်ရည်ရှိစေရန် သုံးလွှာတစ်ထပ် အမျိုးအစား ထိုးထားကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ သိရသည်။

Photo Credit-Sett Paing Aung / ကိုဘီဝမ်း/Dr အဲလက်စ်ဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here