စားသုံးဆီဈေးနှုန်းကို ယခင်အတိုင်း အမြင့်ဈေးဖြင့် ရောင်းနေပါက တိုင်ကြားနိုင်

0
224

လက်လီဈေးကွက်အတွင်း စားသုံးဆီဝယ်ယူရာတွင် ယခင်ဈေးနှုန်းများအတိုင်း အမြင့်ဈေးဖြင့် ဆက်လက်ရောင်းချနေပါက ဝယ်ယူစားသုံးခြင်းမပြုရန်နှင့် တိုင်ကြားနိုင်ကြောင်း စားသုံးသူရေးရာဦးစီးဌာနသို့ အသိပေးထုတ်ပြန်ထားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် ပြည်ပမှ တင်သွင်းဖြန့်ဖြူးရောင်းချနေသည့် စားအုန်းဆီ လက်လီဈေးနှုန်းများ ကြီးမြင့်နေမှုအပေါ် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးနိုင်ရေးအတွက် ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း၊ ဆီတင်သွင်းသည့် ကုမ္ပဏီများနှင့် ညှိနှိုင်း၍ သက်သာသော ဈေးနှုန်းများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးနိုင်ရေးအတွက် စီမံဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ ဆောင်ရွက်ပေးလျက်ရှိရာ ဈေးကွက်အတွင်း၌ စားသုံးဆီဈေးနှုန်းများကို ဈေးမြင့်ရောင်းချမှုများ ရှိနေပါက စားသုံးသူရေးရာဦးစီး ဌာန၏ Call Center ၁၅ ၃၅ ၊ စားသုံးသူရေးရာဦးစီးဌာန Facebook Page နှင့် တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများ၏ Facebook Page များသို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။

ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း စီးပွားကူးသန်းဝန်ကြီးဌာနလက်အောက်ရှိ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက အသိပေးထားပြီးလည်း ဖြစ်သည်။

ပြည်တွင်း စားအုန်းဆီဈေးကွက်တွင် ဆီးဈေးမြင့်တက်မှု အဆမတန်ဖြစ်ပေါ်ခဲ့ပြီး စားအုန်းဆီတစ်ပိဿာ ၁၂၀၀၀ ကျပ်အထိရောက်ရှိခဲ့ချိန်တွင် အစိုးရနှင့်ဆီတင်သွင်းရောင်းချသည့် ကုမ္ပဏီများက ဈေးနှုန်းထိန်းချုပ်ရန်လုပ်ဆောင်လာပြီး အစိုးရ၏ရည်ညွှန်းဈေးအတိုင်းလက်ကျန်ဆီများ ထုတ်ရောင်းပေးသည့်အစီအစဉ်ကို တနင်္လာနေ့က စတင်လုပ်ဆောင်လျက်ရှိသည်။

အဆိုပါ ဆောင်ရွက်ချက်ကြောင့် ရန်ကုန်ဆီဈေးကွက်တွင် စားအုန်းဆီဈေးနှုန်း အနည်းငယ် ပြန်လည်ကျဆင်းလာပြီး နယ်ဈေးကွက်တွင် သိသိသာသာ ကျဆင်းမှုမရှိသေးကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here