“မိုခါ”မုန်တိုင်းဒဏ်ခံစားခဲ့ရသည့် စစ်တွေမြို့သို့ ရန်ကုန်မြို့အခြေစိုက်သံရုံးများမှ အကြီးအကဲများနှင့်သံတမန်များ သွားရောက်လေ့လာ

0
261

ရန်ကုန်မြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှ အကြီးအကဲများနှင့်သံတမန်များမှ စက်တင်ဘာ ၁ ရက်ကစစ်တွေသို့ သွားရောက်လေ့လာကြည့်ရှုခဲ့ကြသည်။

သံရုံးအကြီးအကဲများနှင့်သံတမန်များသည် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်၏ဦးဆောင်မှုဖြင့် နေပြည်တော်မှတဆင့် စစ်တွေမြို့သို့ လေကြောင်းခရီးဖြင့်သွား ရောက်ခဲ့ကြသည်။

နစက ဥက္ကဋ္ဌ၏အကြံပေးအဖွဲ့ဝင် ဒေါက်တာရင်ရင်နွယ်၊ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်၊ပြည်နယ် ဝန်ကြီးချုပ်ဦးထိန်လင်းနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများက “မိုခါ”မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့မှုများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်ရခိုင်ပြည်နယ်မှနေရပ်စွန့်ခွာသူများကို စိစစ်၍ ပြန်လည်လက်ခံရန် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြောကြားခဲ့ကြသည်။

ပြန်လည်ထူထောင်ရေးဆောင်ရွက်ရာ၌ မည်သူမျှ ချန်လှပ်မှုမရှိစေရေးနှင့်မူလအခြေအနေထက် သာလွန်ကောင်းမွန်သည့် အခြေအနေဆောင်ရွက်ပေးရေးမူဝါဒတို့ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ဟု ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်က ရှင်းလင်းပြောကြားခဲ့သည်။

ထို့ပြင် နစက ဥက္ကဋ္ဌ၏အကြံပေးအဖွဲ့ဝင် ဒေါက်တာရင်ရင်နွယ်၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှတာဝန်ရှိသူများက “မိုခါ”မုန်တိုင်းနှင့်ပတ်သက်၍ ဆောင်ရွက်လျက်ရှိမှု ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကို ရှေ့ပြေးစမ်းသပ်စီမံကိန်းဖြင့် ပြန်လည်လက်ခံရေးနှင့်ပြန် လည်နေရာချထားရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းပြောကြားခဲ့ကြကာ သံတမန်များမှလည်း ပြန်လည်ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် အဖွဲ့ဝင်များသည် စစ်တွေမြို့ရှိ မာကုကသီဒြယ် ဘုရားရှိခိုးကျောင်း၊ဦးရဲကျော်သူဘုန်းကြီးကျောင်း၊စစ်တွေဆေးရုံကြီး၊စစ်တွေတက္ကသိုလ် နှင့်စစ်တွေဆိပ်ကမ်းတို့တွင် ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေမှုများကိုကြည့်ရှုခဲ့ကြသည်။

ထို့ပြင် စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊နယ်မြေခံတပ်မတော်သားများနှင့်တာဝန်ရှိသူများက စားသောက်ကုန်ပစ္စည်းများနှင့်လူသုံးကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာရောင်းချပေးနေမှု၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းတွင် လူမှုပေါင်းစည်းရေးဆိုင်ရာ(ဆင့်ပွား)သင်တန်းနှင့်စက်ချုပ်သင်တန်းတို့တွင် အတူတကွတက်ရောက်သင်ကြားလျက်ရှိသည့် ဒေသခံတိုင်းရင်းသားများနှင့် IDP စခန်းများမှတက်ရောက်သင်ကြားနေမှုတို့ကို ကြည့်ရှုခဲ့ကြသည်။

ထို့အတူ “မိုခါ”မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သဲချောင်း၊ဒါးပိုင်ကျေးရွာများနှင့်သက္ကယ်ပြင် IDP စခန်းများကိုကြည့်ရှုလေ့လာကာ သက္ကယ်ပြင်တိုက်နယ်ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်ပေးနေမှုတို့ကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here