ထိုင်ဝမ်သို့ တိုင်ဖွန်းမုန်တိုင်း Haikui နီးကပ်လာသဖြင့် လူထောင်ချီရွှေ့ပြောင်းနေရ၊ပြည်တွင်းလေယာဉ်ခရီးစဉ်များပါဖျက်သိမ်း

0
179

တိုင်ပေ၊စက်တင်ဘာ ၃

ထိုင်ဝမ်ကျွန်းနိုင်ငံ၏အရှေ့နှင့်တောင်ဘက်သို့ တိုင်ဖွန်းမုန်တိုင်း Haikui ဝင်ရောက်နိုင်သဖြင့် လူပေါင်း ၃,၀၀၀ ခန့် ကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းနေရပြီး ပြည်တွင်းလေကြောင်းခရီးစဉ်များ ကို ဖျက်သိမ်းထားရကြောင်းသိရှိရသည်။

အဆိုပါတိုင်ဖွန်းမုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး တောင်တန်းဒေသများတွင် မြေပြိုမှုများဖြစ်ပေါ်နိုင်သဖြင့် စာသင်ကျောင်းများပိတ်ထားရကာ အလုပ်သမားများကိုလည်းအားလပ်ရက်တစ်ရက်ပေးထားရကြောင်းသိရသည်။

ပြည်သူများအနေဖြင့်လည်း အိမ်အပြင်ထွက်ခြင်း၊ တောင်တက်ခြင်း၊ကမ်းရိုးတန်းဒေသများသို့သွားခြင်း၊ငါးမျှားခြင်း နှင့် ရေနှင့်ပတ်သက်သောအားကစားများတွင် ပါဝင်ကစားခြင်းများကို ရှောင်ကြဉ်သင့်သည်ဟုသမ္မတဆိုင်၏ရုံးမှထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

နိုင်ငံတောင်ဘက်နှင့်အရှေ့ဘက်ရှိ ပြည်သူအများအဓိကအခြေချနေထိုင်ရာနေရာများမှ လူပေါင်း ၂,၈၆၈ ဦးကို ဘေးလွတ်ရာရွှေ့ပြောင်းထားပြီးဖြစ်ကြောင်းလည်း ထိုင်ဝမ်အစိုးရကပြောကြားခဲ့သည်။

ထိုင်ဝမ်၏ အဓိကပြည်တွင်းလေကြောင်းလိုင်းနှစ်ခုဖြစ်သည့် UNI Air နှင့် Mandarin လေကြောင်းလိုင်းတို့သည်လည်း တနင်္ဂနွေနေ့ခရီးစဥ်အားလုံးကို ဖျက်သိမ်းခဲ့ပြီး ကမ်းလွန်ကျွန်းများသို့ ကူးတို့သင်္ဘောပြေးဆွဲမှုများကိုလည်းဖျက်သိမ်းခဲ့ကြောင်းသိရသည်။

ရေဘေးကယ်ဆယ်ရေးနှင့် ဘေးလွတ်ရာ ရွှေ့ပြောင်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကူညီနိုင်ရန်အတွက် တပ်မတော်မှတပ်ဖွဲ့ဝင်များနှင့် စက်ပစ္စည်းကိရိယာများဖြန့်ကျက်ထားရှိပြီးဖြစ်ကြောင်းထိုင်ဝမ်အစိုးရကဆိုကာ ယခုတိုင်ဖွန်းမုန်တိုင်းသည် ထိုင်ဝမ်တောင်ပိုင်းကိုဖြတ်ကျော်ဝင်ရောက်ပြီးပါက ထိုင်ဝမ်ရေလက်ကြားမှတစ်ဆင့်တရုတ်သို့ဝင်ရောက်နိုင်ကြောင်းလည်းခန့်မှန်းထားသည်။

Source : ရိုက်တာ/ဂျီအေ


LEAVE A REPLY

Please enter your comment!
Please enter your name here