တရုတ် – မြန်မာ နှစ်နိုင်ငံ နယ်စပ်ဖြတ်သန်းခွင့် ယာယီဝင်ထွက်ခွင့်ကတ်များ အကန့်အသတ်မရှိ စတင်ထုတ်ပေး

0
246

မြန်မာနိုင်ငံနယ်စပ် မူဆယ်မြို့မှတဆင့် တရုတ်နိုင်ငံ ရွှေလီမြို့သို့ ယာယီ ဝင်ထွက်ခွင့်ကတ်များကို ယနေ့ စက်တင်ဘာ (၄) ရက် နေ့လယ် (၁၂) နာရီမှ စတင်ကာ အကန့်အသတ်မရှိ ခွင့်ပြုထုတ်ပေးနေပြီဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ စုံစမ်းသိရသည်။

ယင်းကဲ့သို့ ယာယီဝင်ထွက်ခွင့်ကတ် TBP ကို ထုတ်ပေးရာတွင် မြန်မာနိုင်ငံတဝန်းမှ မြန်မာနိုင်ငံသား မှတ်ပုံတင်ကိုင်ဆောင်ထားသူ မည်သူမဆိုကို ထုတ်ပေး‌ခြင်းဖြစ်ကြောင်း မူဆယ်အခြေစိုက် ကမ်းလက်ကူညီပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ အတည်ပြုသည်။

” ဟုတ်ပါတယ် ခင်ဗျ။ ခွင့်ပြုပေးလိုက်ပါပြီ ။ (၆) ညအိပ် (၇) ရက်ပါဗျ။ ဖြတ်သန်းခ (၅၀၀) ပါ ၊ စာအုပ်ဖိုး (၅၀၀) ပါ။ မြန်မာငွေ (၁၀၀၀) ပဲ ကျပါတယ်ဗျ။ ဘယ်မျဉ်းစောင်း မဆိုပါဗျ။ ဂိတ် (၃) ခုလုံးက လုပ်ပေးနေပါပြီ ။ ဘာအကန့်အသတ်မှမရှိပါဘူး။ မှတ်ပုံတင်ရှိရင် ဖွင့်ပေးလိုက်ပါပြီ” ဟု ကမ်းလက်ကူညီပရဟိတအသင်းမှ ဒုဥက္ကဋ္ဌ ဦးစိန်လှအောင်က ပြောသည်။

တရုတ် – မြန်မာ နယ်စပ် ယာယီဝင်ထွက်ခွင့် ကတ်ကို တရုတ် – မြန်မာနယ်စပ် မူဆယ်မြို့ရှိ နန်းတော်ဂိတ်၊ ဆင့ဖြူဂိတ်နှင့် မန့်ဝိန်းဂိတ် စသည့် နယ်စပ် ဝင်ပေါက် (၃) ခုစလုံးမှ ယနေ့ စက်တင်ဘာ (၄) ရက် နေ့လယ် (၁၂) နာရီတွင် တပြိုင်နက် ခွင့်ပြုပေးနေခြင်း ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ (၆) ည အိပ် (၇) ရက် သက်တမ်းခံ ယာယီဝင်ထွက်ခွင့် ကတ် TBP ကို ကိုင်ဆောင်ကာ တရုတ်နိုင်ငံအတွင်း ဝင်ရောက်မည့် မြန်မာနိုင်ငံသားများ အနေဖြင့် တရုတ်နိုင်ငံ ကျယ်ခေါင်မြို့မှ ရွှေလီမြို့ ဧရိယအထိ သွားလာလည်ပတ်ခွင့် ရရှိမည်ဖြစ်ကြောင်းလည်းသိရသည်။

ကိုဗစ်ကာလအတွင်း ယာယီ ပိတ်ထားသည့် နယ်နိုင်ငံ နယ်စပ်ဂိတ်များမှတဆင့် ဖြတ်သန်းသွားလာခွင့် နှစ်နိုင်ငံ အစိုးရ အစီအစဉ်ဖြင့် ယခုနှစ်ဆန်းပိုင်းက ပြန်လည်စတင်နိုင်ရန် စီစဉ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် လက်ရှိအချိန်ထိ ကြန့်ကြာနေခဲ့ခြင်းလည်း ဖြစ်သည်။

ဓာတ်ပုံ – ကမ်းလက်ကူညီပရဟိတအသင်း(မူဆယ်)


LEAVE A REPLY

Please enter your comment!
Please enter your name here