စက်တင်ဘာ (၁) ရက်မှ စတင်ကာ ယာဉ်မောင်းနေစဉ် ဖုန်းအသုံးပြုပါက ဒဏ်ငွေသုံးသောင်းကျပ် ဒဏ်ရိုက်မည်

0
223

ယခုလ စက်တင်ဘာ (၁) ရက်မှစ၍ ယာဉ်မောင်းနေစဉ် ဖုန်းအသုံးပြုသည်ကို စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေသုံးသောင်းကျပ် ဒဏ်ရိုက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကောင်စီမှ အသိပေးချက်ထုတ်ပြန်ထားသည်။

ထို့ပြင် အရည်အသွေး မပြည့်မီသည့် ဆိုင်ကယ်စီးဦးထုပ်ဆောင်း၍ ဆိုင်ကယ်စီးပါက ဒဏ်ငွေသုံးသောင်းကျပ်အပါအဝင် အခြားစည်းကမ်းချက်များဖြင့် ယာဉ်စည်းကမ်းမလိုက်နာသူများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စက်တင်ဘာ (၁)ရက်မှ စတင်အရေးယူနေပြီဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် သေဆုံး၊ဒဏ်ရာရမှုများ လျော့နည်းကျစေရေးအတွက် Quick Win စီမံချက်ကို ဆောင်ရွက်လျက်ရှိပြီး အဆိုပါ Quick Win စီမံချက်အရ ကားမောင်းစဉ် ဖုန်းအသုံးပြုပါက ဒဏ်ငွေသုံးသောင်းကျပ်၊ ဆိုင်ကယ်စီးနင်းရာတွင် အရေအသွေးပြည့်မီသည့် ဆိုင်ကယ်စီးဦးထုပ် မဆောင်းပါက ဒဏ်ငွေ သုံးသောင်းကျပ်၊ ယာဥ်‌မောင်း‌နေစဥ် အသက်ကယ်ခါးပတ် အသုံးမပြုပါက ဒဏ်‌ငွေသုံး‌သောင်းကျပ်၊ မူးယစ်သောက်စား၍ မောင်းနှင်ပါက ဒဏ်ငွေကျပ်တစ်သိန်း၊ သတ်မှတ်ထားသည့် အရှိန်ထက်ကျော်လွန်မောင်းနှင်ပါက ဒဏ်ငွေကျပ်တစ်သိန်းတို့ကို ချမှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယာဉ်အန္တရာယ်ဖြစ်ပွားမှု စစ်တမ်းများအရ မြန်မာနိုင်ငံတစ်ဝန်းတွင် ယာဉ်မတော်တဆဖြစ်ပွား၍ တစ်ရက်လျှင် လူ ၁၄ ဒဿမ ၈ ဦးနှုန်း သေဆုံးလျက်ရှိကြောင်း သိရသည်။

ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ (၆) လအတွင်း နိုင်ငံတစ်ဝန်း၌ ယာဉ်တိုက်မှု (၂၅၆၆) မှု ဖြစ်ပွားခဲ့ကာ လူ (၁၃၀၀) ကျော်သေဆုံးခဲ့ပြီး (၃၅၀၀) ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here