တရားသူကြီးများအနေဖြင့် ပြည်သူအများ ယုံကြည်ကိုးစားသည့် တရားစီရင်ရေးစနစ်ဖြစ်ထွန်းရေး ကြိုးစားကြဖို့ တိုက်တွန်း

0
412

တရားစီရင်ရေး ကဏ္ဍတွင် တာဝန်ထမ်းဆောင်နေသည့် တရားသူကြီးများအနေဖြင့် ဥပဒေနှင့်အညီ မှန်ကန်မြန်ဆန်စွာ အဆုံးအဖြတ်ပြုလျက် ပြည်သူများ ယုံကြည်ကိုးစားသည့် တရားစီရင်ရေးစနစ် ဖြစ်ထွန်းရေး ကြိုးစားဆောင်ရွက်ကြရန် ကရင်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းက တိုက်တွန်းပြောဆိုလိုက်သည်။ 

“နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေ၊ ဝန်ထမ်းကျင့်ဝတ်များကို လိုက်နာကြရမှာဖြစ်သလို တရားစီရင်ရေးဆိုင်ရာ ကျင့်ဝတ်ကိုလည်း လိုက်နာရမှာ ဖြစ်ပါတယ်။ မိမိတို့၏ တစ်ဦးချင်းလုပ်ငန်းတာဝန်များကို သစ္စာရှိရှိ ကျေကျေပွန်ပွန် ထမ်းဆောင်သွားကြရန်၊ တရားစီရင်ရာတွင် ဥပဒေနှင့် အညီမှန်ကန်မြန်ဆန်စွာ အဆုံးအဖြတ်ပြုလျက် ပြည်သူအများ ယုံကြည်ကိုးစားသည့် တရားစီရင်ရေးစနစ်ဖြစ်ထွန်းရေးအတွက် ကြိုးစားဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်”ဟု ဒေါ်ခင်ဆွေထွန်းက ပြောသည်။

နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ဩဂုတ်လကုန်ပိုင်းက  ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့သော ပြည်ထောင်စုတရား လွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ် တရားရေးဦးစီးမှူးများ၏ (၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လမ်းညွှန်မှာကြားချက်များ အပေါ် ထပ်ဆင့်ရှင်းလင်းသည့် အခမ်းအနားကို စက်တင်ဘာလ (၂) ရက် မွန်းလွဲ (၂) နာရီခန့်က ကရင်ပြည်နယ် တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့အပြင် အမှုလက်ကျန်များ ပြီးပြတ်စေရန် တာဝန်ရှိ၍ ပြီးပြတ်နှုန်း ၁၀၀ % အထက် ဖြစ်ရန်လိုကြောင်း၊ မှန်မှန်နှင့် မြန်မြန် တရားစီရင်ကြရန်၊ အချုပ်တရားခံအမှုများ ကြန့်ကြာမှု မရှိစေရေး ညွှန်ကြားချက်များနှင့် အညီ အထူးဂရုပြု လိုက်နာကြရန်၊ သက်သေခံ ပစ္စည်းများနှင့်ပတ်သက်၍ ပျက်ဆီးဆုံးရှုံးမှု မရှိစေရေး ဥပဒေလုပ်ထုံး လုပ်နည်းနှင့်အညီ လုပ်ဆောင်ကြရန်လည်း ၎င်းက မှာကြားခဲ့သည်။

အဆိုပါ ထပ်ဆင့်ရှင်းလင်းပွဲသို ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ၊ ပြည်နယ်တရားရေး ဦးစီးမှူးနှင့် ပြည်နယ်တရားလွှတ်တော်၊ ခရိုင်/ မြိုနယ်တရားရုံးများမှ တရားသူကြီးများ၊ တရားရေးအရာရှိများ စုစုပေါင်း (၃၂) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here