မြန်မာ့ ထောပတ်သီးများကို ဘာရိန်းနိုင်ငံမှ ဝယ်ယူရန် Hybrid စနစ်ဖြင့် တွေ့ဆုံဆွေးနွေး

0
197

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ထောပတ်သီးများကို ဘာရိန်းနိုင်ငံမှ ဝယ်ယူရန် Hybrid စနစ်ဖြင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံထောပတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MAVO)မှ သိရသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ထောပတ်သီးများကို ဘာရိန်းနိုင်ငံမှ ဝယ်ယူရန်အတွက် အိန္ဒိယအခြေစိုက် Riyara ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံထောပတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MAVO)မှ တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံ ကော်လ်ကတ္တားမြို့၊ မြန်မာစီးပွားရေးသံမှူး၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (နေပြည်တော်)နှင့် ရှမ်းပြည်နယ် ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများသည် Hybrid ဖြင့် စီးပွားရေးတွေ့ဆုံဆွေးနွေးမှုကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ စီးပွားရေး တွေ့ဆုံဆွေးနွေးပွဲကို မြန်မာနိုင်ငံမှ ထောပတ်သီးများကို ပြည်ပဈေးကွက်ရရှိပြီး ပိုမိုတိုးချဲ့တင်ပို့နိုင်ရန်အတွက် ချိတ်ဆက်ဆောင်ရွက်ခဲ့ပြီး ဘာရိန်းနိုင်ငံ Riyara ကုမ္ပဏီမှ ၎င်းတို့နိုင်ငံအတွင်းရှိ လက်လီအရောင်းဆိုင်များ၌ ရောင်းချလို၍ မြန်မာနိုင်ငံမှ ထောပတ်သီးများကို ဝယ်ယူတင်သွင်းရန် စိတ်ဝင်စားပြီး တင်သွင်းနိုင်ရန်အတွက် ထုတ်လုပ်မှု ပမာဏ၊ အရည်အသွေး၊ အသိအမှတ်ပြုလက်မှတ်များ၊ သယ်ယူပို့ဆောင်မည့် နည်းလမ်းနှင့် ထုတ်ကုန်သက်တမ်း(Shelf Life) အခြေအနေများကို မေးမြန်းခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံထောပတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း(MAVO)မှ တာဝန်ရှိသူများက Global GAP လက်မှတ်ရရှိထားသည့် ထောပတ်ခြံများ၊ အရည် အသွေးစစ်ဆေးထားသည့် ထောက်ခံချက်များ၊ တင်ပို့နိုင်မည့် ပမာဏများနှင့် လက်ရှိတင်ပို့နေသည့် ဈေးကွက်အခြေအနေတို့ကို တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းသို့ ဆွေးနွေးမှုအရ လာမည့်အောက်တိုဘာ လလယ်တွင် ထောပတ်သီးနှင့် ထောပတ်သီးအဆီ နမူနာများကို ပေးပို့သွားမည်ဖြစ်ပြီး လိုအပ်သည်များကို မြန်မာကုန် သွယ်မှုမြှင့်တင်ရေး အဖွဲ့နှင့် အိန္ဒိယနိုင်ငံ ကော်လ်ကတ္တားမြို့၊ မြန်မာစီးပွားရေးသံမှူးတို့မှ ဆက်လက်ကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here