ကုန်သွယ်မှုလမ်းကြောင်း ယာယီပြတ်ခဲ့သော်လည်း ဩဂုတ်လအတွင်း ထိုင်း – မြန်မာနယ်စပ် မြဝတီလမ်းကြောင်းမှ ကန်ဒေါ်လာ ၅၅ သန်းကျော် ကုန်သွယ်မှုပြုလုပ်နိုင်ခဲ့

0
340

အာရှလမ်းမြေပြိုကျမှုကြောင့် ကုန်သွယ်မှုလမ်းကြောင်း ယာယီ ပြတ်တောက်ခဲ့ရသော်လည်း မြန်မာ – ထိုင်းနယ်စပ် မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဩဂုတ်လအတွင်း ကန်ဒေါ်လာ (၅၅) သန်းကျော်ကုန်သွယ်မှု ပြုလုပ်ထားကြောင်း သိရသည်။

ဩဂုတ်လ အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ထိုင်း – မြန်မာ ကုန်သွယ်ရေးလမ်းကြောင်း၏ အဓိကလမ်းကြောင်းဖြစ်သည့် မြဝတီ – ကော့ကရိတ် အာရှလမ်းပိုင်း ဒေါနတောင်တက်လမ်း၊ တောနော်ရေတံခွန် အနီးတွင် လမ်းမြေပြိုကျခဲ့သည့်အတွက် ယာဉ်များသွားလာမရနိုင်တော့ပဲ ကုန်သွယ်မှုလမ်းကြောင်းများ ပြတ်တောက်သွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ လမ်းပိုင်းပြတ်တောက်သည့်နေရာတွင် ဘေလီတံတား ဆောက်လုပ်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက် နံနက်ပိုင်းမှ စတင်၍ ယာဉ်ငယ်များ ဖြတ်သန်းခွင့်ပြုခဲ့ပြီး ပို့ကုန်/သွင်းကုန် ယာဉ်ကြီးများကိုပါ ပြန်လည်ဖြတ်သန်းနိုင်ရေး ဆောင်ရွက်ခွင့်ပြုပေးပြီးဖြစ်သည်။

ယင်းလမ်းပိုင်း ပြန်လည်ကောင်းမွန်သွားပြီဖြစ်သည့်အတွက် ပို့ကုန်ပစ္စည်းများမှ ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီနှင့် ငရုတ်များ ပျက်စီးမှုမရှိဘဲ တစ်ဖက်နိုင်ငံသို့ လွယ်ကူချောမွေ့စွာ တင်ပို့နိုင်ရေး ဦးစားပေးဆောင်ရွက်နိုင်ခဲ့သည့်အပြင် အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့သည့် ပြောင်းသီးနှံကိုလည်း သတ်မှတ်ရက်အတိုင်း အချိန်မီတင်ပို့နိုင်ရေး ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းလည်း သိရသည်။

ထို့အပြင် ပြည်တွင်းလိုအပ်မှုရှိနေသည့် သွင်းကုန်ပစ္စည်းများဖြစ်သည့် ဓါတ်မြေဩဇာ၊ တိရိစ္ဆာန်အစာ၊ CMP ကုန်ကြမ်းပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများကိုလည်း တင်သွင်းနိုင်ရေး ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်း ပို့ကုန်ယာဉ် ၁၄၅၇ စီး၊ တန်ဖိုး ၁၅ ဒသမ ၂၁၉ ဒေါ်လာသန်း၊ သွင်းကုန်ယာဉ် ၂၃၂၇ စီး၊ တန်ဖိုး ၄၀ ဒသမ ၀၂၃ ဒေါ်လာသန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ တန်ဖိုး ၅၅ ဒသမ ၂၄၂ ဒေါ်လာသန်းကို ကုန်သွယ်မှုပြန်လည်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

Photo-ကရင်ပြည်နယ်လမ်းတံတားဦးစီးဌာန


LEAVE A REPLY

Please enter your comment!
Please enter your name here