စားသုံးဆီဈေးနှုန်း တည်ငြိမ်စေရေးလုပ်ငန်းအဖွဲ့ဖြင့် ဆောင်ရွက်နေရာ ၁၀ ရာခိုင်နှုန်းထက် အမြတ်တင် မရောင်းကြရန် အသိပေး

0
200

ပြည်တွင်း စားအုန်းဆီဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် အဖွဲ့ဝင် (၂၉) ဦးပါသော စားသုံးဆီဈေးနှုန်း တည်ငြိမ်စေရေးလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းကာ စီမံဆောင်ရွက်နေပြီဖြစ်သည့်အတွက် စားသုံးလက်ထဲအရောက် ရောင်းချချိန်တွင် အမြတ်ငွေ ၁၀ ရာခိုင်နှုန်းထက်မပိုသော ဈေးဖြင့်သာ ရောင်းချကြရန် မြန်မာနိုင်ငံ ဆီလုပ်ငန်းရှင်အသင်းက ထပ်မံကြေညာထားသည်။

ဆီဈေးထိန်းချုပ်သည့်အနေဖြင့် ပြည်တွင်းရှိ လက်ကားကုန်သည်များ၊ ဆီဒိုင်များ၊ အရောင်းဆိုင်ကြီးများကို အစိုးရ၏ လက်ကားရည်ညွှန်းဈေးဖြင့် ရောင်းချပေးနေခြင်းဖြစ်သည်။

အဆိုပါ ဆိုင်ကြီးများအနေဖြင့် လက်ကားရည်ညွှန်းဈေးထက် ၂ ရာခိုင်နှုန်းသာ အမြတ်တင်ရောင်းချရန်ဖြစ်ပြီး စားသုံးသူလက်ထဲသို့
တဆင့်ခံ ပြန်လည်ရောင်းချသူများအနေဖြင့်လည်း အထွေထွေကုန်ကျစရိတ်များပါ ထည့်ပေါင်းပြီး ၁၀ ရာခိုင်နှုန်းထက် အမြတ်တင်မရောင်းချကြရန် အသင်းက ယမန်နေ့က ထပ်မံကြေညာခဲ့ခြင်းဖြစ်သည်။

စားသုံးဆီဈေးနှုန်း တည်ငြိမ်စေရေး လုပ်ငန်းအဖွဲ့ကို အသင်း၏ စီမံခန့်ခွဲရေး ကော်မတီဝင်များ၊ စားသုံးဆီတင်သွင်းသောကုမ္ပဏီများမှ ကိုယ်စားလှယ်များ ပါဝင်သော (၂၉) ဦးဖြင့် ဩဂုတ် (၂၈) ရက်မှစတင် ဖွဲ့စည်းကာ ဆီတင်သွင်းသော ကုမ္ပဏီများ၏ ဆီရောင်းချရေးကို စီမံဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

ထို့ပြင် စားသုံးဆီများကို ဈေးကွက်အတွင်း ပျံ့ပျံ့နှံ့နှံ့ရောက်ရှိစေရန်၊ စားသုံးသူများအား လက်လွဲပြောင်းမှု အနည်းဆုံးဖြင့် တိုက်ရိုက်ရောင်းချနိုင်ရန်၊ စားသုံးသူများသက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန်၊ ဆီအရောင်းဆိုင်ကြီးများအနေဖြင့် လက်ကားရည်ညွှန်းဈေးဖြင့် ဝယ်ယူရရှိနိုင်စေရန်၊ ပွင့်လင်းမြင်သာမှုရှိစေရန်စသော ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ကြေညာချက်တွင်ရေးသားထားသည်။

ယခုအခါ ရန်ကုန်မြို့ရှိ ဘုရင့်နောင်၊ ညောင်ပင်လေးဈေးနှင့် မြို့နယ်များရှိဈေးများ ရပ်ကွက်အတွင်းရှိ အရောင်းဆိုင်များအပြင် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းခွဲများရှိရာ မြို့နယ်များဖြစ်သည့် နေပြ ည်တော်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ပြည်၊ တောင်ကြီး၊ မြင်းခြံ၊ ရွှေဘို၊ ပခုက္ကူ၊ အောင်လံ၊ ကျောက်ပန်း တောင်း၊ မိတ္ထီလာ၊ ပုသိမ်၊ မော်လမြိုင်၊ ရမည်းသင်း၊ ကျောက်ဆည်၊ ပြင်ဦးလွင်၊ ညောင်ဦး၊ မြိတ်၊ ကောင့်သောင်း၊ ထားဝယ်၊ လားရှိုး၊ ဘားအံ၊ စစ်တွေနှင့် မြစ်ကြီးနားစသည့် မြို့နယ်များတွင်လည်း ရောင်းချပေးလျှက်ရှိပြီး အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများအတွက်လည်း ဆက်လက်ဖြန့်ဖြူး ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

အထက်ဖော်ပြပါမြို့နယ်များမှ အရောင်းဆိုင်များအနေဖြင့် လက်ကား ရည်ညွှန်းဈေးဖြင့် ဝယ်ယူရရှိခြင်းမရှိပါက “စားသုံးဆီဈေးနှုန်းတည်ငြိမ်စေရေးလုပ်ငန်းအဖွဲ့ “သို့ ဖုန်းနံပါတ် ၀၉-၇၅၇၄၈၂၉၁၂ နှင့် ၀၉-၇၅၆၅၇၅၂၁ ၆ တို့မှတဆင့် ရုံးချိန်အတွင်း တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here