ညောင်ဦးမြို့နယ် မြေနိမ့်ပိုင်းရပ်ကွက်များ ဧရာဝတီမြစ်ရေဝင်နေ၍မြွေအန္တရာယ်နှင့် ရေလမ်းကြောင်း သတိပြုသွားလာနေထိုင်ကြရန် သတိပေး

0
250

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် မြေနိမ့်ပိုင်း ကျေးရွာ/ရပ်ကွက်များတွင် ဧရာဝတီမြစ်ရေ ဝင်ရောက်လျက်ရှိရာ မြွေအန္တရာယ်သတိပြုနေထိုင်ကြရန်၊ ရေသန့်များဆောင်ထားကြရန်၊ တံငါသည်များ ရေလမ်းကြောင်း သတိပြုသွားလာကြရန် သက်ဆိုင်ရာ တာဝန်ရှိသူများမှ လိုက်လံသတိပေးနှိုးဆော်​နေကြကြောင်း သိရသည်။

ညောင်ဦးမြို့နယ် မြေနိမ့်ပိုင်းရပ်ကွက်များ မြစ်ကမ်းဘေး တစ်လျှောက်နေထိုင်ကြသူများ ရေဘေးအန္တရာယ်မဖြစ်ပွားစေရေးနှင့် ကြိုတင်ပြင်ဆင်ထားနိုင်စေရန် စက်တင်ဘာ(၅)ရက် နံနက် (၁၀) နာရီအချိန်က စတင်၍ မြစ်ကြောင်း တစ်လျှောက် လိုက်လံသတိပေးနှိုးဆော်ပေးနေခြင်းဖြစ်သည်။

ထိုသို့ လိုက်လံ သတိပေးနှိုးဆော်မှုကို ညောင်ဦးမြို့အမှတ်(၁) ရပ်ကွက်၊ သာယာဝတီ သင်္ဘောဆိပ်မှ စတင်၍ ဗူးဘုရားစက်လှေဆိပ်ကမ်းအထိ ဧရာဝတီ မြစ်ကမ်းဘေးနေ ပြည်သူများ မြစ်ရေကြီးမှု သတိပြုနေထိုင်ကြရန် တာဝန်ရှိသူများက စက်​လှေပေါ်မှ ​အော်လံစပီကာများဖြင့် လှည့်လည် သတိပေးနှိုးဆော်ခဲ့ခြင်း ဖြစ်သည်။

ညောင်ဦးမြို့နယ်အတွင်း စက်တင်ဘာ (၃) ရက် နံနက် (၄) နာရီမှ စတင်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပုံဂံရှေးဟောင်းနယ်မြေရှိ ရွှေစည်းခုံ စေတီရင်ပြင် ၊ အာနန္ဒာဘုရားရင်ပြင်တော်အပါအဝင် ပုဂံဘုရားအချို့၏ ပရဝုဏ်များအထိ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ရေစုပ်စက်ကြီးများဖြင့် ရေစုပ်ထုတ်ရှင်းလင်းခဲ့ရသေးကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here