စက်တင်ဘာ ၁၁ ရက်မှစတင်ပြီး MOU လုပ်သားများ နယ်စပ်မြို့များတွင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးနိုင်ပြီဖြစ်

0
169

စက်တင်ဘာ (၁၁) ရက်မှ စတင်ကာ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် MOU လုပ်သားများအား မြဝတီနှင့် ကော့သောင်းနယ်စပ်မြို့များ၌ One Stop Service ဖြင့် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အသိပေးထုတ်ပြန်ထားသည်။

ယင်းအစီအစဉ်တွင် မြဝတီမြို့တွင် MOU လုပ်သား ၇၀၀ နှင့် ကော့သောင်းမြို့တွင် ၃၀၀ ကို နေ့စဉ် သက်တမ်းတိုးပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရန် MOU လုပ်သားနှင့် အလုပ်သမား အေဂျင်စီများအနေဖြင့် လိုအပ်သည့် စာရွက်စာတမ်း အချက် အလက်ပြည့်စုံပါက နိုင်ငံကူးလက် မှတ်သက်တမ်းတိုးခြင်းကို ၃ /၄ ရက်အတွင်း လုပ်ဆောင်ပြီး ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်နိုင်မည်ဖြစ်ကြောင်းလည်းသိရသည်။

MOU စနစ်ဖြင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသားများ၏ ပတ်စ်ပို့သက်တမ်းတိုးခြင်းကို One Stop Service စနစ်ဖြင့် လုပ်ဆောင်ပေးမည်ဖြစ်ပြီး ယခင်က MOU စနစ်ဖြင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများကို (၅) နှစ် သက်တမ်းရှိသည့် PJ အမျိုးအစား နိုင်ငံကူးလက်မှတ်ထုတ်ပေးထားပြီး ပတ်စ်ပို့သက်တမ်းပြည့်ရန် တစ်နှစ်အလိုတွင် မြန်မာနိုင်ငံသို့ ပြန်လာ၍ ရန်ကုန်ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် သက်တမ်းတိုးရန် အသိပေးကြေညာထားခြင်းဖြစ်သည်။

ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်သက်တမ်း ကုန်နေသော်လည်း နိုင်ငံကူးလက်မှတ်သက်တမ်း နှစ်နှစ်နှင့်အထက်ကျန်ရှိသူများသည် ယခုအချိန်တွင် MOU/U-Turn စနစ်ဖြင့် ထိုင်းနိုင်ငံအတွင်း ပြန်လည်အလုပ်ဝင်ရောက်လိုပါက ရန်ကုန်မြို့အထိ ပြန်သွားစရာ မလိုတော့ဘဲ မြဝတီနှင့် ကော့သောင်းမြို့များသို့ ပြန်လည်ဝင်ရောက်ပြီး One Stop Service စနစ်ဖြင့် ထိုင်းနိုင်ငံရှိ အလုပ်ခွင်အတွင်း အချိန်တိုအတွင်း ပြန်လည်ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here