ငွေကြေးလိမ်လည်ဂိုဏ်းများတွင် လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား (၁၂၀၀) ကျော်ကို ” ဝ” တပ်ဖွဲ့က ဖမ်းဆီးပြီး တရုတ်ရဲတပ်ဖွဲ့ထံပြန်လွှဲ

0
472

တရုတ် – မြန်မာနယ်စပ်၊ ရှမ်းပြည်မြောက်ပိုင်းက “ဝ” တပ်ဖွဲ့နယ်မြေအတွင်းရှိလောင်းကစားဂိုဏ်းများ နှင့် ငွေကြေးလိမ်လည်သည့် လုပ်ငန်းများတွင် လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား (၁၂၀၀) ကျော်ကို ဖမ်းဆီးပြီး တရုတ်ထံ ပြန်လွှဲပေးခဲ့ကြောင်း “ဝ” ပြည်သွေး စည်းညီညွတ်ရေး WSTV က ယနေ့စက်တင်ဘာ (၈) ရက်တွင် ထုတ်ပြန်လာသည်။

” ဝ” တပ်ဖွဲ့ ထိန်းချုပ်နယ်မြေ အတွင်းက ငွေလိမ်ဂိုဏ်းများတွင် အလုပ်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၂၀၇ ဦးကို “ဝ” ရဲတပ်ဖွဲ့က စက်တင်ဘာ (၆) ရက်နှင့် (၇) ရက် တို့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး တရုတ်ရဲတပ်ဖွဲ့ထံ ပြန်လည်လွှဲပြောင်းအပ်နှံခဲ့ခြင်းဖြစ်သည်။

လူမှောင်ခိုဂိုဏ်းများ ၊ မူးယစ်ဆေးဝါးဂိုဏ်းများနှင့် ဆက်သွယ်ရေးနည်းပညာသုံး ငွေကြေးလိမ်လည်သည့် လောင်းကစားဂိုဏ်းများကို နှိမ်နှင်းတိုက်ဖျက်ရန်တရုတ် အစိုးရဘက်က ဖိအားပေးလုပ်ဆောင်နေချိန်တွင် ယခုလို အများအပြား ဖမ်းမိခြင်းသည် ပထမအကြိမ်လည်း ဖြစ်သည်။

တရုတ် – မြန်မာနယ်စပ်နှင့် ထိုင်း – မြန်မာ နယ်စပ်တို့ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ရှိသည့် နယ်မြေများတွင် တရုတ်နိုင်ငံသား အများစု လွှမ်းမိုးလုပ်ကိုင်နေသည့် အဆိုပါလောင်းကစားဝိုင်းများနှင့် ငွေကြေး လိမ်လည်ခြင်းလုပ်ငန်းများသည် တရုတ် နှင့် မြန်မာအပါအဝင် ဒေသတွင်း အိမ်နီးချင်းနိုင်ငံများအပြင် အာဆီယံနိုင်ငံများ ၊ အာရှနိုင်ငံအချို့နှင့် ကမ္ဘာ့နိုင်ငံများကိုပါ ခြိမ်းခြောက်မှုများ ရှိနေခြင်းဖြစ်သည်။

တရုတ် – မြန်မာ နယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်းက ပန်းဆန်း၊ လောက်ကိုင်ဒေသ ၊ ရှမ်းပြည်အရှေ့ပိုင်း မိုင်းလားဒေသ နှင့် ထိုင်း – မြန်မာ နယ်စပ် မြဝတီမြို့ ၊ ရွှေကုက္ကိုမြို့သစ်တို့ရှိ တရုတ်နိုင်ငံသားများပိုင်ဆိုင်သည့် လောင်းကစားနှင့် ကာစီနိုရုံများ အပါအဝင် ဆက်သွယ်ရေး နည်းပညာအသုံးပြု ငွေကြေးလိမ်လည်လုပ်ငန်းများတွင် မြန်မာနိုင်ငံသားများ အများအပြားလည်း ထိန်းချုပ်ခံထားရပြီး အခက်အခဲများနှင့် ရင်ဆိုင်နေရသည့် အခြေအနေများ ရှိနေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် လအနည်းငယ်အတွင်းက တရုတ်အထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံ ခရီးစဉ်တွင် မြန်မာအစိုးရ တာဝန်ရှိသူအချို့နှင့် တွေ့ဆုံစဉ် အဆိုပါ ငွေလိမ်ဂိုဏ်းများနှင့် မူးယစ်ဂိုဏ်းများ၊ လောင်းကစားဂိုဏ်းများကို ထိန်းချုပ်နှိမ်နှင်းရန် ထုတ်ဖော်ပြောဆိုသွားခဲ့သည်။

ယင်းသို့ ပြောဆိုခဲ့ပြီးနောက် ပြီးခဲ့သည့် ဩဂုတ်လမှ စတင်ကာ တရုတ် – ထိုင်း – မြန်မာ – လာအို (၄) နိုင်ငံရဲတပ်ဖွဲ့များသည် လောင်းကစားနှင့် လိမ်လည်မှုအုပ်စုများကို ပူးပေါင်းတိုက်ဖျက်ရေးအတွက် အထူးပူးတွဲလှုပ်ရှားမှုစတင်ခဲ့ပြီး ဒေသတွင်းဆက်သွယ်ရေး အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစား ပြစ်မှုကျူးလွန်မှုများကို တင်းကျပ်စွာတိုက်ဖျက်ကာ လူကုန်ကူးခြင်း၊ ပြန်ပေးဆွဲခြင်း၊ ထိန်းချုပ်ထားခြင်းစသည့် ပြစ်မှုကျူးလွန်မှုများ များစွာဖြစ်ပွားနေသည့်အခြေအနေကို ပြတ်ပြတ်သားသားပြောင်းလဲရန် သဘောတူညီမှုရယူထားခြင်းဖြစ်သည်။

အဆိုပါ သဘောတူညီမှုရယူပြီးနောက်ပိုင်း မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း ခြေကုတ်ယူ လှုပ်ရှားနေသည့် ဆက်သွယ်ရေးနည်းပညာအသုံးချကာလိမ်လည်မှုကျူးလွန်သူ တရုတ်နိုင်ငံသား (၁၂၃၁) ဦးကို ဖမ်းဆီးရမိပြီး တရုတ်ထံ ပြန်လွှဲပေးနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ဓာတ်ပုံ- WSTV


LEAVE A REPLY

Please enter your comment!
Please enter your name here