နိုင်ငံသားတိုင်း KG+9 (အလယ်တန်းအဆင့်) ပညာပြီးဆုံးသည်အထိ သင်ကြားနိုင်ရေး ဦးတည်လုပ်ဆောင်နေ

0
252

နိုင်ငံသားတိုင်း KG+9 (အလယ်တန်းအဆင့်) ပညာပြီးဆုံးသည်အထိ သင်ကြားနိုင်ရေး၊ စိုက်ပျိုးရေးပညာ၊ မွေးမြူရေးပညာနှင့် နည်းပညာဆိုင်ရာ ကျွမ်းကျင်သူများဖြစ်လာစေရန် နိုင်ငံတော် အစိုးရအနေဖြင့် ဦးတည်လုပ်ဆောင်လျက်ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက ပြောဆိုလိုက်သည်။

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ပုလဲရတနာခန်းမတွင် စက်တင်ဘာ (၈)ရက်က ကျင်းပသည့် ၂၀၂၃ ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက ပြောဆိုခဲ့ခြင်းဖြစ်သည်။

“နိုင်ငံသားတိုင်း စာတတ်မြောက်မှသာ နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေးကို အောင်မြင်စွာ ဆောင်ရွက်သွားနိုင်မှာ ဖြစ်တဲ့အတွက် နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံသားတိုင်း KG+9 (အလယ်တန်းအဆင့်) ပညာပြီးဆုံးသည်အထိ သင်ကြားနိုင်ရေး၊ စိုက်ပျိုးရေးပညာ၊ မွေးမြူရေးပညာနှင့် နည်းပညာဆိုင်ရာ ကျွမ်းကျင်သူများဖြစ်လာစေရန် ဦးတည်ဆောင်ရွက်လျက်ရှိပါတယ်။”ဟု ၎င်းက ပြောဆိုသည်။

၂၀၁၄ ခုနှစ်နှင့် ၂၀၁၉ ခုနှစ် သန်း‌ခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် အသက်(၅)နှစ်နှင့်အထက် လူဦးရေ (၄)သန်းခန့် တစ်နည်းအားဖြင့် နိုင်ငံ့လူဦးရေ (၈.၁)ရာခိုင်နှုန်းသည် အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမနေခဲ့ကြရသည်ကို လေ့လာတွေ့ရှိခဲ့ရကြောင်း သိရသည်။

ထို့ကြောင့် စာမဖတ်တတ်ခြင်းသည် လူ့အဖွဲအစည်းတစ်ခုလုံးကို အကြမ်းဖက်မှု၊ ပဋိပက္ခများနှင့် ဆင်းရဲနွမ်းပါးမှုတိုကို ဖြစ်ပေါ်စေနိုင်သည့် အကျိုးသက်ရောက်မှုများ ရှိနိုင်သည့်အတွက် လူတိုင်း စာတတ်မြောက်ရန် အလွန်အရေးကြီးကြောင်း ဝန်ကြီးချုပ်က ထည့်သွင်းပြောဆိုခဲ့သည်။

အဆိုပါ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အတူ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here