မော်ရိုကို၌ငလျင်လှုပ်ခတ်သဖြင့်လူ ၈၂၀ ဦးသေဆုံး

0
288

ရဘတ်၊စက်တင်ဘာ ၉

မော်ရိုကိုနိုင်ငံ၌ ငလျင်လှုပ်ခတ်မှုကြောင့် အနည်းဆုံး လူ ၈၂၀ ဦးသေဆုံးကာ အဆောက်အအုံများလည်းပျက်စီးခဲ့ပြီး ဒေသခံများလည်း ဘေးလွတ်ရာရွှေ့ပြောင်းနေထိုင်ခဲ့ရကြောင်းသိရသည်။

အဆိုပါငလျင်ကြောင့် ဒဏ်ရာရရှိသူလည်းရာချီရှိခဲ့ပြီး သေဆုံးမှုများသည် ရောက်ရှိရန်ခက်ခဲသော တောင်ပေါ်ဒေသများတွင်အများဆုံးဖြစ်ပေါ်ခဲ့သည်ဟု အာဏာပိုင်များကပြောကြားခဲ့ပြီးစုစုပေါင်းဒဏ်ရာရရှိသူ ၆၇၂ ဦးရှိခဲ့ကြောင်းသိရသည်။

ငလျင်ဗဟိုချက်အနီးရှိ ယူနက်စကိုကမ္ဘာ့အမွေအနှစ်စာရင်းဝင်သည့်အဆောက်အအုံများလည်းပြိုကျပျက်စီးခဲ့ပြီး ဗလီတစ်ခုလည်းပြိုကျသွားခဲ့သည်ဟုသိရသည်။

ငလျင်ဗဟိုချက်နှင့်နီးစပ်ရာဒေသ၌နေထိုင်သည့်ဒေသခံတစ်ဦးကမူ ငလျင်ဒဏ်ကြောင့်အနီးပတ်ဝန်းကျင်ရှိအိမ်များပြိုကျပျက်စီးကာ လူပိတ်မိနေသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကိုအားသွန်ခွန်စိုက်လုပ်ပေးနေကြောင်းပြောကြားခဲ့သည်။

“ငလျင်လှုပ်ပြီဆိုတာသိသိချင်း အဆောက်အဦးထဲကနေအပြင်ရောက်အောင်အရင်ဆုံးပြေးထွက်ခဲ့တာပါ၊အပြင်မှာလည်းကိုယ့်လိုပဲငလျင်ဘေးရှောင်နေတဲ့သူတွေနဲ့အဆောက်အအုံတွေပြိုကျပျက်စီးနေတာကိုလည်းတွေ့နေရတယ်” ဟု အလည်ရောက်ရှိနေသည့် ဩစတြေးလျနိုင်ငံသားတစ်ဦးကပြောကြားခဲ့သည်။

“လွန်ခဲ့တဲ့နှစ်ရက်ကအထိ မိသားစုဝင်တွေနဲ့ပျော်ပျော်ရွှင်ရွှင်နေနေခဲ့သေးတာမို့ ဒီအဖြစ်ဆိုးကိုခုထိမယုံနိုင်သလို လက်မခံနိုင်သေးပါဘူး” ဟု မိသားစုဝင်ဆယ်ဦးအားဆုံးရှုံးလိုက်ရသည့် ဒေသခံတစ်ဦးကလည်းပြောကြားခဲ့သည်။

ယခုဖြစ်စဉ်သည် ၁၉၆၀ ခုနှစ်ကဖြစ်ခဲ့ပြီး လူပေါင်း ၁၂,၀၀၀ ကျော်သေခဲ့ရသည့်ဖြစ်စဉ်အပြီး သေဆုံးမှုအများဆုံးဖြစ်ကြောင်းလည်း အမေရိကန်ဘူမိဗေဒဌာန၏စစ်တမ်းအရသိရသည်။

ထိခိုက်ပျက်စီးမှုများသည့်ဒေသများတွင် အထောက်အကူပြုပစ္စည်းများမရောက်လာမီ အပျက်အစီးအောက်ပိတ်မိနေသူများအားကယ်နိုင်ရန် အပျက်အစီးများကိုလက်ဖြင့်သာဖယ်ထုတ်ပြီးကယ်ဆယ်ရေးလုပ်နေရသည်ဟုသိရသည်။

ကမ္ဘာတစ်ဝန်းရှိအစိုးရများသည်လည်း စိတ်မကောင်းဖြစ်ကြောင်းဆိုခဲ့ပြီး တစ်သားတည်းရှိနေမည့်စည်းလုံးညီညွတ်မှုကိုထုတ်ဖော်ပြသသည့်အနေဖြင့်လည်း အကူအညီများပေးအပ်မည်ဟုဆိုခဲ့သည်။

ယခုနှစ်ဖေဖော်ဝါရီလက အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် လူပေါင်း ၅၀,၀၀၀ ကျော်သေဆုံးခဲ့ရသည့် တုကီယေးကလည်းထောက်ပံ့ကူညီရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်းပြောကြားခဲ့သည်။

ဂျာမန်ဝန်ကြီးချုပ်အိုလက်ရှို့ဖ်ကမူ သေဆုံးသူများ၏မိသားစုဝင်များနှင့်ထပ်တူစိတ်မကောင်းဖြစ်ကြောင်းဆိုကာ အိန္ဒိယဝန်ကြီးချုပ်မိုဒီကမူ ငလျင်သတင်းကြောင့်စိတ်ထိခိုက်နာကျင်ရသည်ဟုလည်းဆိုခဲ့သည်။

ယခုငလျင်လှုပ်ခတ်မှုကို အိမ်နီးချင်းအယ်လ်ဂျီးရီးယားနိုင်ငံကပါခံစားခဲ့ရသော်လည်း သေဆုံးမှုနှင့်ပျက်စီးဆုံးရှုံးမှုမဖြစ်ပေါ်ခဲ့ကြောင်းပြောကြားခဲ့သည်။

Source : Reuters

Photo AFP


LEAVE A REPLY

Please enter your comment!
Please enter your name here