စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ e-Commerce လမ်းညွှန်ထုတ်ပြန်

0
239

ငွေစာရင်းမှတ်တမ်းများကို အနည်းဆုံး (၃) နှစ် ထိန်းသိမ်းထားရမည်

အီလက်ထရောနစ် နည်းလမ်းနှင့် ကူးသန်းရောင်းဝယ်ခြင်းလမ်းညွှန် (e-Commerce Guidelines) ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ လမ်းညွှန်ချက်တွင် မြန်မာနိုင်ငံအတွင်း e-Commerce လုပ်ငန်းလုပ်ကိုင်မည့်သူအားလုံးသည် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက စီမံခန့်ခွဲသတ် မှတ်ထားသည့် မှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ရမည်ဖြစ်ပြီး သက်ဆိုင်ရာနယ်ပယ်အလိုက် သတ်မှတ်ထားသည့် ဥပဒေကို လိုက်နာရမည်ဖြစ်ကြောင်း ပါရှိသည်။

ထို့ပြင် e-Commerce လုပ်ကိုင်သူများအနေဖြင့် ၎င်းတို့ ရောင်းချ အသုံးပြုနေသည့် ဝက်ဘ်ဆိုဒ် သို့မဟုတ် လူမှုကွန်ရက်တွင် မှတ်ပုံတင်ထားသည့် အချက်အလက်၊ လိပ် စာ၊ ဖုန်းနံပါတ် အငြင်းပွားခြင်းတစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ပါကဖြေရှင်းနိုင်မည့် နည်းလမ်းနှင့် အချက်အလက်များ ဖော်ပြရမည်ဖြစ်ကြောင်းလည်း သိရသည်။

ထို့အပြင် ဝက်ဘ်ဆိုဒ်မှတစ်ဆင့် ရောင်းချသူများအနေဖြင့် ဝယ်ယူစားသုံးသူနှင့် ပဋိညာဉ် သဘောတူညီချက်လုပ်နိုင်မည့် နည်းလမ်းကို ထည့်သွင်းထားရမည်ဖြစ်ပြီး လူမှုကွန်ရက်မှ ရောင်းချသူများသည်လည်း တနည်းနည်းဖြင့် ပဋိညာဉ် လုပ်ရမည်ဖြစ်ကြောင်း သိရသည်။

ယင်းလမ်းညွှန်ထဲတွင် စားသုံးသူကာကွယ်ရေးကို အခန်းတခုအနေဖြင့် ထည့်သွင်းထားပြီး ရောင်းချသူများအနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများအကြောင်းကို ရှင်းရှင်း လင်းလင်း ဖော်ပြရန်၊ဈေးနှုန်းနှင့်အခွန်အခများအကြောင်း‌ ဖော်ပြရန်၊ ပို့ဆောင်ရန်၊ ငွေပြန်အမ်းခြင်းတို့နှင့် ပတ်သက်၍ ဖော်ပြရန် သတ်မှတ်ထားပြီး ကုန်ပစ္စည်းပို့ပေးသည့်အခါတွင်လည်း သဘောတူထားသည့် ရက်ထက် (၁၅) ရက်နှင့်အထက် ကျော်လွန်သွားပါက ဝယ်ယူသူအနေဖြင့် အရောင်းအဝယ်ကို ရပ်ပစ်နိုင်ပြီး သဘောတူညီချက်နှင့်အညီ သို့မဟုတ် ပေးထားသည့်ငွေကို အပြည့်ပြန်အမ်းရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကုန်ပစ္စည်းအား အမှန်တကယ် အသုံးသူမဟုတ်သူများ၏ ထောက်ခံချက်ကို မသုံးရန်တားမြစ်ထားပြီး e-Commerce လုပ်ကိုင်သူများအနေဖြင့် ငွေပေးချေမှုဆိုင်ရာမှတ်တမ်းများကို အနည်းဆုံး (၃) နှစ် ထိန်းသိမ်းထားရမည်ဖြစ်ကာ အသုံးပြုသူများက တောင်းခံလာပါက အခမဲ့ပေးရမည်ဖြစ်ပြီး တရားရုံး သို့မဟုတ် အာဏာပိုင် အဖွဲ့အစည်းများက တောင်းခံလာပါက ပေးရမည်ဖြစ်ကြောင်းလည်း ညွှန်ကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here