ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များသည် နိုင်ငံချစ်စိတ်ဖြင့် နယ်မြေတည်ငြိမ်အေးချမ်းအောင်တာဝန်သိစိတ်ဖြင့်တာဝန်ထမ်းဆောင်နေကြသူများဖြစ်ဟု နစက ဥက္ကဋ္ဌချီးကျူး

0
215

လားရှိုးသို့ရောက်ရှိနေသာ နစက ဥက္ကဋ္ဌမှ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များအား စက်တင်ဘာ ၁၀ ရက်နံနက်ပိုင်းက အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၌ တွေ့ဆုံစဥ် ချီးကျူးပြောဆိုခဲ့သည်။

ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များသည် နိုင်ငံတော်ကို လုံခြုံရေးအရအင်အားဖြည့်ပေးနေသည့် အင်အားစုတစ်ရပ်ဖြစ်ပြီး နိုင်ငံချစ်စိတ်ဖြင့်နယ်မြေတည်ငြိမ်အေးချမ်းအောင်တာဝန်သိစိတ်ဖြင့်တာဝန် ထမ်းဆောင်နေကြသူများဖြစ်သည်ဟု ဆိုသည်။

“မိမိတို့ရဲ့ သဘောဆန္ဒအလျောက် မိမိတို့နယ်မြေတည်ငြိမ်အေးချမ်းမှုရှိစေဖို့ဆောင်ရွက်နေတဲ့အဖွဲ့တွေဖြစ်တဲ့အတွက် လေးစားအသိအမှတ်ပြုပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားရခြင်းသည် နိုင်ငံရေးအရသဘောထားကွဲလွဲမှုများ၊တိုင်းရင်းသားရေးအရသဘောထားကွဲလွဲမှုများ၊ဘာသာရေးအရသဘောထားကွဲလွဲမှုများကြောင့် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ကိုတွေ့ရှိရသည်ဟု ဆိုသည်။

တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) အပေါ်တွင်သာ ခိုင်ခိုင်မာမာရပ်တည်ဆောင်ရွက်သွားမည်ဟု ဆိုသည်။

ထို့ကြောင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့နယ်မြေဒေသအလိုက် တည်ငြိမ်အေးချမ်းရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးပါဝင်လာနိုင်ရေး ဝိုင်းဝန်းတိုက်တွန်းဆောင်ရွက်ကြရမည်ဟု ဆိုသည်။

ထို့ပြင် မိမိတို့ နစက အစိုးရအနေဖြင့် နိုင်ငံတော်တာဝန်ထမ်းဆောင်မှုမှာ ၂ နှစ်ကျော်ကာလသို့ရောက်ရှိပြီဖြစ်ကာ မိမိတို့အနေဖြင့်လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်ရေးကို ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာဩဇာခံမဖြစ်စေရန် လွတ်လပ်၍တက်ကြွပြီးဘက်မလိုက်သောနိုင်ငံခြားရေးမူဝါဒကိုကျင့်သုံးလျက်ရှိသည်ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။

ထို့နောက် နစက ဥက္ကဋ္ဌသည် တက်ရောက်လာကြသည့် ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များအား မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ပုံစံတူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်များကို ဓမ္မလက်ဆောင်အဖြစ်ပေးအပ်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here