နယ်မြေအလိုက် ပဋိပက္ခများ ချုပ်ငြိမ်းဖို့ ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် ရှမ်းမြောက် ပြည်သူ့စစ်အဖွဲ့များအား နစက ဥက္ကဋ္ဌ တိုက်တွန်း

0
199

ဒေသတည်ငြိမ်အေးချမ်းမှသာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝ တိုးတက်ရေးအခွင့်အလမ်းများကို ပိုမိုဖော်ဆောင်နိုင်မည်ဖြစ်သည့်အပြင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး မဲစာရင်းကောက်ယူမှုများကို လုပ်ဆောင်နိုင်မည်ဖြစ်သည့် အတွက် နယ်မြေအလိုက် ပဋိပက္ခများချုပ်ငြိမ်းရေး ဝိုင်းဝန်းကြိုးပမ်းကြရန် ရှမ်းမြောက်ပြည်သူ့စစ်အဖွဲ့များအား နစက ဥက္ကဋ္ဌက တိုက်တွန်းလိုက်သည်။

ယမန်နေ့ စက်တင်ဘာ (၁၀) ရက်က ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့သို့ ရောက်ရှိစဉ် ဒေသတွင်း ပြည်သူ့ စစ်အဖွဲ့များနှင့် တွေ့ဆုံစဉ် နစက ဥက္ကဋ္ဌက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“နယ်မြေအလိုက် လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းစေဖို့ ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုပါတယ်။ တည်ငြိမ်အေးချမ်းမှုရှိမှသာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ဖို့ မဲစာရင်းတွေကောက်ယူတာကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ဌာနေပြည်သူ့ စစ်တပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့ဒေသတည်ငြိမ်အေးချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေး၊ ဒေသ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုး တက်ရေးတို့အတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ ပြည်သူလူထုတို့နှင့် အတူတကွလက်တွဲ၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကာ ဒေသအလိုက် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို နိုင်ငံတော်နှင့် တပ်မတော်မှ ဖြည့်ဆည်းပေးသွားမည်ဟုလည်း နစက ဥက္ကဋ္ဌက ပြောသည်။

ထို့အပြင် ဒေသတွင်းရှိ ပြည်သူ လူထုမှအစပြု၍ အုပ်ချုပ်သူများအထိ တစ်သမတ်တည်းသောတူညီသည့် သဘောထားရှိရန်လိုအပ်ပြီး မိမိတို့ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြစ်သင့်ဖြစ်ထိုက်သည်များကို အတူ လုပ်ဆောင်ကြရမည်ဟု ဆိုသည်။

“ဒေသနဲ့ ဒေသခံတွေရဲ့ အကျိုးစီးပွားအတွက်လိုလားချက်နဲ့ တောင်းဆိုချက်တွေကို ဒီမိုကရေစီနည်းလမ်းနဲ့သာ ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်က ဆောင်ရွက်ပေးထားတဲ့ လမ်း၊တံတား၊ အဆောက်အဦးတွေ ဖောက်ခွဲဖျက်ဆီးတာ လူသားအရင်းအမြစ်ကောင်းတွေပေါ်ထွန်းနိုင်ရေးကို အနှောင့်အယှက်ဖြစ်ပေါ်စေတဲ့ အဖျက်အမှောင့်လုပ်ရပ်တွေကြောင့် ဒေသကို ထိခိုက်နစ်နာစေပါတယ်”ဟု နစက ဥက္ကဋ္ဌကဆိုသည်။

ထို့အပြင် လက်နက်ကိုင် ပဋိပက္ခများဖြစ်ပေါ်နေသည့် ဒေသနှင့် တည်ငြိမ်အေးချမ်းသည့် နယ်မြေ နှိုင်းယှဉ်ပါက ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးမှာများစွာကွာဟလျှက်ရှိကြောင်းလည်း၎င်းက​ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here