တရုတ်ဝယ်လက် နည်းသွားသည့်အတွက် ပဲတီစိမ်းစျေး ကျဆင်း

0
295

တရုတ်နိုင်ငံဘက်မှ ပဲတီစိမ်းအဝယ်နည်းသွားသည့်အတွက် ယခုအပတ်အတွင်း ပဲတီစီမ်းစျေးကျဆင်းနေကြောင်း ပဲရောင်းဝယ်ရေးကုန်စည်ဒိုင်များ၏ ပြောပြချက်အရ သိရသည်။

မန္တလေးကုန်စည်ဒိုင်‌မှ ဖော်ပြထားသည့်စျေးနှုန်းအရ ပဲတီစိမ်းစျေးသည် စက်တင်ဘာအစပိုင်းတွင် ပဲတီစိမ်း အညံ့စား တအိတ် (ပိဿာ၂၀) လျှင် ကျပ် ၅၅,၀၀၀၊ ပဲတီစိမ်းရွေဝါ တအိတ် (ပိဿာ ၂၀) ကျပ် ၇၄,၀၀၀ ရှိသော်လည်း စက်တင်ဘာ ၁၀ ရက် စျေးနှုန်းအရ ပဲတီးစိမ်းအညံ့စားတအိတ် (ပိဿာ၂၀)  ကျပ် ၄၇,၀၀၀၊ ပဲတီစိမ်းရွေဝါတအိတ် (ပိဿာ ၂၀) ကျပ် ၆၈,၀၀၀ သို့ ကျဆင်းခဲ့သည်။

“တရုတ်ဘက်က အဝယ်နည်းသွားတယ်။ သူတို့ဘက်ကအဝယ်နည်းလေ ဈေးကကျလေပဲ”ဟု မန္တလေးကုန်စည်ဒိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပဲနှင့်ပဲမျိုးစုံကို အဓိကဈေးကွက်အဖြစ် တရုတ်၊ အိန္ဒိယ နှင့် ဥရောပနိုင်ငံများသို့ တင်ပို့လျက်ရှိရာ ၂၀၂၃ ဧပြီမှ သြဂုတ်လအတွင်း ပဲနှင့် ပဲမျိုးစုံ တန်ချိန် ၇၂၀,၉၀၀ ကျော်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၅၈၆ သန်းကျော် ဝင်ငွေရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ တင်ပို့ခဲ့သည့် ပဲမျိုးစုံထဲမှ ပဲတီစိမ်းတင်ပို့မှု တန်ချိန် ၂၂၀,၆၀၀ အထိရှိခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၅၀ သန်းခန့် ဝင်ငွေရရှိခဲ့ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံရှိ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းနှင့် မွန်ပြည်နယ်တို့တွင် ပဲတီစိမ်းကို အဓိကစိုက်ပျိုးလျှက်ရှိသည်။

Photo -Ministry of commerce


LEAVE A REPLY

Please enter your comment!
Please enter your name here