ဘင်္ဂလား ပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းမှတဆင့် မုန်တိုင်းငယ်ဖြစ်လာနိုင်

0
211

ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်၊‌ သင်္ဘောများ ကြိုတင် သတိပြုပါ

စက်တင်ဘာလ ဒုတိယ (၁၀)ရက်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း တကြိမ်ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

ထို့ပြင် မုတ်သုံလေ အားအလွန်ကောင်းလာနိုင်သည့်အတွက် အရှေ့ဘက်မှ ရွေ့လျားလာသည့် လေပွေလှိုင်း အရှိန်ကြောင့် ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊
တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး အချို့နေရာများတွင် ဒေသအလိုက် နေရာကွက်၍ မိုးကြီးကာ လေပြင်းတိုက်ခတ်နိုင်ကြောင်း  သတိပေးထားသည်။

မြန်မာ့ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းကျရောက်၍လှိုင်းကြီးနိုင်ပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တနာရီလျှင် မိုင် (၄၀)အထိ တိုက်ခတ်နိုင်ကာ လှိုင်းအမြင့် မှာလည်း (၉) ပေမှ  (၁၂) ပေရှိနိုင်ကြောင်း ဖော်ပြထားသည်။

မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခြင်း၊ ရုတ်တရက်ရေကြီးခြင်း၊ မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာနိုင်သည့်အတွက် ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံခြင်းကို ကြိုတင် သတိပြုရန် မိုးဇလက သတိပေးထားသည်။

ထို့အပြင် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်၊‌ သင်္ဘောများ ကြိုတင် သတိပြုနိုင်ရန်လည်း အသိပေးနှိုးဆော်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here