၁၀၀ ရာခိုင်နှုန်း ဆန်လက်ဝယ်ရှိမှသာ ပြည်ပတင်ပို့ခွင့်လိုင်စင်ထုတ်ပေးမည်ဟုဆို

0
276

ပြည်ပသို့ဆန်တင်ပို့ရန် လိုင်စင်လျှောက်ထားရာတွင် ၁၀၀ ရာခိုင်နှုန်း ဆန်လက်ဝယ်ရှိမှသာ ပြည်ပတင်ပို့ခွင့်လိုင်စင်ထုတ်ပေးမည်ဖြစ်ကြောင်း ဘုရင့်နောင်ဆန် ကုန်စည်ဒိုင်မှ သိရသည်။

ယခင်က ပြည်ပတင်ပို့ခွင့် လိုင်စင်ထုတ်ပေးရာတွင် လက်ဝယ်တွင် ၅၀ ရာခိုင်နှုန်း ရှိပါက လိုင်စင်ထုတ်ပေးခြင်းဖြစ်သည်။

ပြီးခဲ့သည့် လပိုင်းအတွင်းက ပြည်တွင်းဆန်ဈေးကွက်တွင်ဈေးနှုန်းမြင့်တက်မှုများနှင့်ဈေးမငြိမ်သက်မှုများကြောင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် စက်တင်ဘာလနှင့် အောက်တိုဘာလ (၁၅) ရက်အထိ ပြည်ပဆန်တင်ပို့မှု ခေတ္တရပ်နားထားမည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။

” မူဝါဒအရခွင့်ပြုပေးထားတယ်။ ဒါပေမဲ့ ကုန်သည်ကြီးများအသင်းက အရင်လို လိုင်စင်ချပေးတဲ့အခါမှာ ၅၀ ရာခိုင်နှုန်းကို ပြပြီးတော့ လိုင်စင်စစ်ပြီးတော့ လျှောက်ထားလို့ရပေမယ့် အခုတော့ ၁၀၀ ရာခိုင်နှုန်း ဝယ်ယူပြီးသား ပစ္စည်းရှိကြောင်း တင်ပြနိုင်မှသာလျှင် လိုင်စင်ချပေးမှာ”ဟု ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိ ပြည်တွင်းဆန် ဈေးကွက်သည် ပြန်လည်တည်ငြိမ်လာကာ ဈေးအကျဘက်ကို ဦးတည်နေပြီး အသင်းချုပ်မှ သတ်မှတ်ထားသည့် ဆန်ဈေးနှုန်းမှာ ရွှေဘိုပေါ်ဆန်း (၁) အိတ် ၁၂၅၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း (၁) အိတ် ၁၁၀၀၀၀ ကျပ်၊ ပေါ်ကျွဲ (၁) အိတ် ၉၅၀၀၀ ကျပ် ဆန်ကြမ်း (ငစိန်၊ ဇီယာ၊ အုပ်စုဝင်) (၁) အိတ် ၇၂၀၀၀ ကျပ် ဖြစ်ကြောင်း သိရသည်။

လက်လီဈေးကွက်အတွင်း ရောင်းချနေသည့် ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း (၁) အိတ် လျင် ၁၄၅၀၀၀ ကျပ် ဧရာဝတီပေါ်ဆန်း (၁) အိတ်လျင်  ၁၃၀၀၀၀ ကျပ်၊ ဆန် ကြမ်း (၁) အိတ်လျင် ၈၄၀၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here