ကိုရီးယားတွင် မြန်မာလုပ်သား (၁)ဦး အရက်သောက်ကာ ဆိုင်ကယ်မောင်းနှင်မှုကြောင့် နိုင်ငံမှ နှင်ထုတ်ခံရ

0
289

ကိုရီးယားရောက် မြန်မာလုပ်သား (၁)ဦး ပြီးခဲ့သည့် မေလအတွင်းက အရက်သောက်ကာ ဆိုင်ကယ် မောင်းနှင်ခဲ့မှုကြောင့် ဒဏ်ငွေဆောင်ရသည့်အပြင် ကိုရီးယားနိုင်ငံမှ တစ်လအတွင်း ထွက်ခွာရန် ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရကြောင်း သိရသည်။

အဆိုပါ မြန်မာလုပ်သားမှာ ပြီးခဲ့သည့် မေလအတွင်းက ဘီယာ တပုလင်းခွဲ သောက်ကာ ဆိုင်ကယ်မောင်းထွက်လာစဉ် ကားလမ်းမပေါ်၌ စောင့်ဖမ်းနေသည့် ကိုရီးယား ရဲဝန်ထမ်းမှ ခေတ္တရပ်ခိုင်းပြီး အရက်သောက်ထားခြင်း ရှိ/ မရှိ စစ်ဆေးသည့်စက်ဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ထိုသို့ စစ်ဆေးစဉ် သွေးထဲ အရက်ပါဝင်နှုန်း (ဝ.၀၈) ရာခိုင်နှုန်း ပြနေခြင်းကြောင့် ရဲဝန်ထမ်းက အိုင်ဒီကတ်မှ အချက်အလက်များကို မှတ်တမ်းယူထားခဲ့ပြီး မကြာမီတွင် မြန်မာလုပ်သားအား ရဲစခန်းသို့လာရောက်ရန် အကြောင်းကြားစာပေးပို့ ဆင့်ခေါ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ မြန်မာလုပ်သားသည် အရက်သောက်ကာ ဆိုင်ကယ်မောင်းနှင်မှုနှင့် စစ်ဆေးခံခဲ့ရပြီး တစ်လကျော်ခန့်အကြာတွင် ဒဏ်ကြေးငွေ ဝမ်သိန်း (၅၀) ဆောင်ရန် တရားရုံမှ အကြောင်းကြားစာ ရောက်ရှိလာ၍ ဒဏ်ကြေး ငွေ ဝမ်သိန်း (၅၀)ကို ပေးဆောင်ခဲ့ သိရသည်။

ယင်းကဲ့သို့ ဒဏ်ငွေဆောင်ရုံဖြင့် မပြီးသေးဘဲ ကိုရီးယား လ.ဝ.က. ရုံးမှ လာရောက်ရန် အကြောင်းကြားစာ ထပ်မှန် ရောက်ရှိလာခဲ့ပြီး ဝမ်သိန်း (၃၀) အထက် ပြစ်မှုဆိုင်ရာ ဒဏ်ကြေး ပေးဆောင်ထားရသည့်အတွက် နောက်ထပ် (၁) နှစ်ကျော် ဗီဇာသက်တမ်းလည်း တိုးပေး၍မရတော့ကြောင်းနှင့် ကိုရီးယားနိုင်ငံမှ (၁) လအတွင်း ထွက်ပေးရန် အ မိန့်စာ ထုတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ကိုရီးယားနိုင်ငံတွင် အရက်သေစာသောက်ပြီး ယာဉ်မောင်းမှုကို ပြင်းပြင်းထန်ထန် အရေးယူလျက်ရှိပြီး အဆိုပါ တားမြစ်ချက်ကို ဖောက်ဖျက်မိပါက တည်ဆဲ ဥပဒေအရ ကြီးလေးသည့် ပြစ်ဒဏ်ကို ခံကြရမည်ဖြစ်ကြောင်း ကိုရီးယားရောက် မြန်မာအသိုင်းအဝန်းမှ သတိပေးပြောဆိုထားသည်။

အဆိုပါ မြန်မာနိုင်ငံသားအား ကိုရီးယားနိုင်ငံအတွင်းမှ နှင်ထုတ်ခံရမှုနှင့် ပတ်သက်၍ ယနေ့ စက်တင်ဘာ (၁၂) ရက် နံနက်ပိုင်းတွင် ကိုရီးယားရောက် မြန်မာတစ်ဦးက လူမှုကွန်ရက်စာမျက်နှာမှတဆင့် မျှဝေကာ ကျန်ကိုရီးယားရောက် မြန်မာများအား သတိပေးစကားဆိုထားခြင်းလည်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here