ဆန်/ဆန်ကွဲများ နယ်ကျော်တင်ပို့မည်ဆိုပါက နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်လိုအပ်ကြောင်း ဆန်စပါးအသင်း ဒုဥက္ကဋ္ဌပြော

0
294

မြင့်တက်နေသည့် ဆန်ဈေးနှုန်းကို ထိန်းချုပ်ရန်အတွက် အခြားပြည်နယ်နှင့် တိုင်းများမှ နယ်ကျော် တင်ပို့မည့် ဆန်/ဆန်ကွဲများအတွက် နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်လိုအပ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပေါ်ပြူလာ နယူးစ်သို့ပြောသည်။

“စပါးကတော့ နယ်စပ်ဖြတ်ကျော်လို့ မရဘူး။ သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ်မှာပဲ ကြိတ်ခွဲရမယ်။ ဆန်/ဆန်ကွဲကတော့ရတယ်။ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်လိုတယ်။ အရင်တုန်းကမရှိဘူး။ အခုကဆန်ဈေးမြင့်နေလို့ ကန့်သတ်လိုက်တာ”ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လတွင် ပြည်တွင်းဆန်ဈေးနှုန်းမှာ အဆမတန်မြင့်တက်ခဲ့သည့်အတွက် အသင်းချုပ်အနေဖြင့် အရန်ဆန်များကို သက်သာသောနှုန်းထားများဖြင့် ဆန်များကို ရောင်းချပေးလျက်ရှိသည်။

ထို့အပြင် ပြည်ပဆန်တင်ပို့ခွင့်ကိုလည်း ၁၀၀ ရာခိုင်နှုန်းလက်ဝယ်ရှိမှသာလျှင် ပို့ကုန်လိုင်စင်ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

အစိုးရအနေဖြင့် ပြည်တွင်း ဆန်ဈေးနှုန်းမြင့်တက်မှုကို ထိန်းချုပ်လျက်ရှိရာ လက်ရှိတွင် ပြည်တွင်းဆန်ဈေးကွက်အတွင်း၌ ဆန်ဈေးနှုန်းများ ပြန်လည်ကျဆင်းလာပြီး အကျဘက်သို့ ဆက်လက်ဦးတည်နေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ လက်ကားရောင်းချသည့် ဆန်ဈေးကွက်အတွင်း ပြည်တွင်းစားသုံးသည့် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၁၂၅၀၀၀ ကျပ် ဧရာဝတီပေါ်ဆန်းတစ်အိတ်လျှင် ၉၀၀၀၀- ၁၀၀၀၀၀ ကျပ်နှင့် ရက်၉၀ ဆန်တစ်အိတ်လျှင် ၇၂၀၀၀ ကျပ်ဖြင့် ရောင်းချပေးရန် သတ်မှတ်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here