မိန်းကလေးငယ် (၂) ဦးအား ပြည့်တန်ဆာလုပ်ငန်းသို့ပို့ဆောင်ကာ ငွေကြေးခေါင်းပုံဖြတ်သူ (၄) ဦးအနက် (၂) ဦးအား ထောင်ဒဏ်တစ်သက်စီနှင့် (၂) ဦးကို ထောင်ဒဏ်နှစ် (၂၀) စီချမှတ်

0
326

မိန်းကလေးငယ် (၂) ဦးအား ပြည့်တန်ဆာလုပ်ငန်းသို့ပို့ဆောင်ကာ ငွေကြေးအကျိုးအမြတ်ခေါင်းပုံ ဖြတ်ရယူခဲ့သူ (၄) ဦးအနက် (၂) ဦးအား ထောင်ဒဏ်တစ်သက်စီနှင့် (၂) ဦးကိုထောင်ဒဏ်နှစ် (၂၀) စီကျခံစေရန် မဟာအောင်မြေခရိုင်တရားရုံးမှ စက်တင်ဘာလဒုတိယပတ်အတွင်းက အမိန့်ချမှတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်နေ ကမာဘိုင် (ခ) ကျော်လေး (ခ) ကျော်ကျော်နှင့် ထားထားမြင့် (ခ)မထက်၊ ချမ်းမြသာစည်မြို့နယ်နေ စောမြတ်သူ(ခ)မြတ်သူနှင့်အေးချမ်းမိုး(ခ)စုစုတို့သည် ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်နေ အသက်(၁၅) နှစ်အရွယ်နှင့် အသက်(၁၈)နှစ်အရွယ် မိန်းကလေးငယ်တို့အား ပြည့်တန်ဆာအဖြစ်ခိုင်းစေရန် အဓမ္မပို့ဆောင်ပြီး ငွေကြေး အကျိုးအမြတ်များကို ခေါင်းပုံဖြတ်ရယူခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ၎င်းတို့ (၄) ဦးအား အောင်ပင်လယ်နယ်မြေရဲစခန်းက (ပ)၂၀/ ၂၀၂၃၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုဖွင့်ကာ မဟာအောင်မြေခရိုင်တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့ခြင်းဖြစ်သည်။

ထိုသို့ တရားစွဲဆိုတင်ပို့ခဲ့သဖြင့် မဟာအောင်မြေခရိုင်တရားရုံးမှ စက်တင်ဘာ (၈)ရက်တွင် ပြစ်မှုကျူးလွန်သူများ ဖြစ်သည့် ကမာဘိုင် (ခ) ကျော်လေး (ခ) ကျော်ကျော်နှင့်ထားထားမြင့် (ခ) မထက်တို့အား လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေ ပုဒ်မ ၃၈(က)/၄၀ အရ ထောင်ဒဏ်တစ်သက်စီကျခံစေရန် အမိန့်ချမှတ်ခဲ့ ခြင်းဖြစ်သည်။

ထို့ပြင် ပြစ်မှုကျူးလွန်သူများဖြစ်သည့် စောမြတ်သူ (ခ) မြတ်သူနှင့် အေးချမ်းမိုး (ခ) စုစုတို့ကိုလည်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈ (က)အရ ထောင် ဒဏ်နှစ် (၂၀) စီကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here