ကင်ဂျုံအန်က ပူတင်အား မြောက်ကိုရီးယားသို့ လာရောက်ရန် ဖိတ်ကြား

0
348

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို မြောက်ကိုရီးယားသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံတကာ အသံလွှင့်ဌာနတစ်ခုဖြစ်သည့် Voice of Korea က ကြာသပတေးနေ့တွင် ထုတ်လွှင့်ခဲ့သည်။

ညစာစားပြီးနောက် ကင်ဂျုံအန် သည် သမ္မတပူတင်အား အဆင်ပြေသည့်အချိန်တွင် ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံသို့ လာရောက်လည်ပတ်ရန် ရင်းရင်းနှီးနှီးဖိတ်ကြားခဲ့ပြီး ဖိတ်ကြားချက်ကို ပူတင်က လက်ခံခဲ့ကြောင်း Voice of Korea ကဆိုသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် တို့သည် လေးနှစ်အတွင်း ပထမဆုံး ထိပ်သီးဆွေးနွေးပွဲကို ရုရှားနိုင်ငံ Vostochny Spaceport တွင် ဗုဒ္ဓဟူးနေ့က ငါးနာရီကျော်ကြာ တွေ့ဆုံခဲ့ကြသည်။ သူတို့ နှစ်ဦးစလုံးသည် နှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့များပါဝင်မှုနှင့်ရော တဦးချင်းပုံစံဖြင့်ပါ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲအစီအစဉ်များတွင် စီးပွားရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ ဒေသတွင်း အခြေအနေနှင့် အခြားသော အကြောင်းအရာများစွာ ပါဝင်ကြောင်း သိရသည်။

ရုရှားသမ္မတ၏ ဖိတ်ကြားချက်အရ မြောက်ကိုရီးယားခေါင်းဆောင်သည် ရုရှားနိုင်ငံသို့ တရားဝင်ခရီးရောက်ရှိခဲ့ခြင်းဖြစ်သည်။ ကင်ဂျုံအန်သည် ၂၀၁၉ခုနှစ် ဧပြီ ၂၄ ရက်မှ ၂၆ ရက်ကလည်း ရုရှားနိုင်ငံသို့ တရားဝင် အလည်အပတ်ရောက်ရှိခဲ့သေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here