ကင်မ် ရုရှားရောက်နေစဉ်အတွင်း မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်မှုပြုလုပ်ပြန်

0
254

ဆိုးလ်၊စက်တင်ဘာ ၁၃

မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဂျုံအမ်းသည် သမ္မတ ဗလာဒီမာပူတင်နှင့်ရုရှား၌မတွေ့ဆုံမီနာရီပိုင်းအလိုတွင် မြောက်ကိုရီးယားဘက်က ၎င်း၏အရှေ့ဘက်ကမ်းရိုးတန်း အလွန်သို့ အနည်းဆုံးဒုံးကျည်တစ်စင်းပစ်လွှတ်စမ်းသပ်ခဲ့သည်ဟု တောင်ကိုရီးယားနှင့်ဂျပန်အာဏာပိုင်များကပြောကြားခဲ့သည်။

ပြည်ပခရီးစဉ်သွားခဲလှသော ခေါင်းဆောင်ကင်မ်ဂျုံအမ်း နိုင်ငံခြားသို့ရောက်နေစဉ်အတွင်းပြုလုပ်သည့် ပထမဆုံးသော ဒုံးကျည်ပစ်လွှတ်မှုလည်းဖြစ်သည်ဟု သုံးသပ်သူများကပြောကြားခဲ့သည်။

ဒုံးကျည်၏အရွယ်အစားနှင့်ပမာဏအားမသိရသေးကြောင်း ဂျပန်တာဝန်ရှိသူများကပြောကြားခဲ့ပြီး ပထမဆုံးသတိပေးချက်ထုတ်ပြန်ပြီးငါးမိနစ်အကြာ၌ပင် အဆိုပါဒုံးကျည်သည် ပင်လယ်ထဲကျရောက်သွားခြင်းဖြစ်သည်ဟုလည်းဆိုခဲ့သည်။

ဂျပန်အစိုးရအဖွဲ့အတွင်းဝန်ချုပ် ဟီရိုကဇုမာဆုနို ကမူ ဂျပန်အနေဖြင့် ပေကျင်း၏သံတမန်လမ်းကြောင်းမှတစ်ဆင့် မြောက်ကိုရီးယားအားကန့်ကွက်ဆန္ဒပြရန်လည်းတောင်းဆိုခဲ့ကြောင်း သတင်းထောက်များအားပြောကြားခဲ့သည်။

နျူလက်နက်ပိုင်ဆိုင်ထားသော မြောက်ကိုရီးယားသည် တာတိုပစ်နှင့်ခရုဇ်ဒုံးကျည်များမှအစ ကြီးမားသောတိုက်ချင်းပစ်ဒုံးကျည်များအထိပါ ပုံမှန်ပစ်လွှတ်စမ်းသပ်မှုများပြုလုပ်ခဲ့သည်။

မြောက်ကိုရီးယား၏ပဲ့ထိန်းဒုံးကျည်နှင့်နျူလက်နက်လှုပ်ရှားမှုအားလုံးကို ကုလသမဂ္ဂလုံခြုံရေးကောင်စီကတားမြစ်ထားသော်လည်း ၂၀၁၇ ခုနှစ်ကစ၍ ပြုံယမ်း၏မိတ်ဖက်နိုင်ငံများဖြစ်သော တရုတ်နှင့်ရုရှားတို့ကဆက်လက်ထောက်ခံခဲ့ကြသည်။

ဆက်လက်၍လည်း ထိုအချိန်မှစ၍ ပေကျင်းနှင့်မော်စကိုတို့သည် မြောက်ကိုရီးယားအပေါ်ချမှတ်ထားသည့် ပိတ်ဆို့ဒဏ်ခတ်မှုများအားဖြေလျှော့ပေးပြီး သံတမန်ဆက်ဆံရေး နည်းလမ်း အတိုင်းဆွေးနွေးရန်နှင့် လူသားချင်းစာနာထောက်ထားမှုအခြေအနေကိုမြှင့်တင်ရန်လည်း အစဉ်တစ်စိုက်တိုက်တွန်းခဲ့ကြသည်။

Source :Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here