စစ်တွေမြို့တွင် လွန်ခဲ့သည့် (၅) ရက်ခန့်က ပျောက်ဆုံးနေသည့် အမျိုးသားအား ရေမြောင်းအတွင်းသေဆုံးလျက်ပြန်တွေ့

0
300

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် လွန်ခဲ့သည့် ၅ ရက်ခန့်ကပျောက်ဆုံးနေသည့် အမျိုးသား၏ ရုပ်အလောင်းအား ယနေ့ စက်တင်ဘာ (၁၄) ရက် နံနက်ပိုင်းက ရေမြောင်းအတွင်းမှ ပြန်လည်တွေ့ရှိခဲ့ရကြောင်း စစ်တွေအခြေစိုက်ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ သိရသည်။

ယနေ့ နံနက်ပိုင်းက စစ်တွေမြို့၊ ဓညဝတီ ရပ်ကွက်ရှိ ရေမြောင်းတစ်ခုအတွင်း၌ ရုပ်အလောင်းတစ်ခုတွေ့ရှိခဲ့သဖြင့် တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးရာ သေဆုံးသူသည် လွန်ခဲ့သည့် (၅) ရက်က ပျောက်ဆုံးနေသည့် ဓညဝတီရပ်ကွက်နေ အသက်(၃၃)နှစ်အရွယ် အမျိုးသားဖြစ်ပြီး ပြင်ပဒဏ်ရာမတွေ့ရှိရကြောင်း သိရသည်။

“မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရပါတယ်။ သေဆုံးသူက ပျောက်နေတာ (၅) ရက်လောက်ရှိပြီလို့သိရပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

သေဆုံးသူ၏ ရုပ်အလောင်းအား တာဝန်ရှိသူများက စစ်ဆေးပြီးနောက် ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here