တင်ဒါအောင်မြင်သည့် ကုမ္ပဏီ ထွက်ခွာသွားသည့်အတွက် ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်မည့် စီမံကိန်း ဆိုင်းငံ့

0
398

ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်မည့် စီမံကိန်းအတွက် လုပ်ကိုင်ခွင့်ရရှိသည့်ကုမ္ပဏီမှာ ထွက်ခွာသွားသည့် အတွက် စီမံကိန်းရပ်ဆိုင်းသွားပြီဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

ယင်းစီမံကိန်းကို ပြီးခဲ့သည့် အစိုးရလက်ထက်တွင် အ ကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဂျပန်ကုမ္ပဏီဖြစ်သည့် Sumitomo ကော်ပိုရေးရှင်းက လုပ်ကိုင်ခွင့်ရရှိထားခြင်း ဖြစ်သည်။

“တင်ဒါအောင်မြင်ထားတဲ့ ကုမ္ပဏီကလည်း ထွက်သွားပြီဆိုတော့ စီမံကိန်းက ရပ်ဆိုင်းသွားပြီ။ “ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်ခြင်း စီမံကိန်းအား ၂၀၁၈ ဖေဖော်ဝါရီတွင် စင်ကာပူ ကုမ္ပဏီဖြစ်သည့် Oxley Holdings က ဦးစားပေး တင်ဒါအောင်မြင်ခဲ့သော်လည်းကုမ္ပဏီ ဒေဝါလီခံရ၍ ဂျပန်ကုမ္ပဏီဖြစ်သည့် Sumitomo ကော်ပိုရေးရှင်းက ဆက်လက် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ယင်းစီမံကိန်းတစ်ခုလုံး၏ အကျယ်ဝန်းမှာ ၆၃ ဒသမ ၅ ဧကခန့်ရှိပြီး ကြမ်းခင်းဧရိယာ စတုရန်းမီတာ ၁ ဒသမ ၁ ၉ သန်းဖော်ဆောင်သွားရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်မည့် စီမံကိန်းသည် တောင်ဘက်တွင် ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ မြောက်ဘက်တွင် ဗိုလ်မင်းရောင်လမ်း၊ အနောက်ဘက်တွင် ဆူးလေဘုရားလမ်းနှင့်  အရှေ့ဘက်တွင် သိမ်ဖြူလမ်းတို့ကြားရှိ မြေဧရိယာအတွင်း ဟိုတယ်များ၊ ရုံးခန်းများ၊ ကွန်ဒိုအဆောက်အဦများ တည်ဆောက်မည်ဖြစ်ပြီး ထိုအဆောက်အဦများ၏ အလယ်တွင် ရထားဘူတာရုံသစ်ကို လက်ရှိဘူတာရုံကြီး၏ ဘေးတွင် တည်ဆောက်ရန်ဖြစ်သည်။

ယင်းစီမံကိန်းတစ်ခုလုံးသည် အမေရိကန်ဒေါ်လာ ၂ ဒသ မ ၈ ဘီလီယံခန့် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here