မြန်မာ-ရုရှား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေးကို ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့်ရုရှားနိုင်ငံခြားရေးဝန်ကြီးတို့ အလေးထားဆွေးနွေးခဲ့

0
368

မြန်မာ-ရုရှား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေးကို နစက ဒု-ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့်ရုရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆာဂျီ လတ်ဗ်ရော့ တို့အလေးထားဆွေးနွေးခဲ့ကြသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆာဂျီ လတ်ဗ်ရော့၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ အလုပ်သဘောခရီးစဉ်သွားရောက်ခဲ့သည့် ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေသည် စက်တင်ဘာ ၁၄ ရက်ကကျင်းပသည့် မြန်မာ-ရုရှား နှစ်နိုင်ငံဆွေးနွေးပွဲသို့တက်ရောက်ခဲ့သည်။

ဆွေးနွေးပွဲ၌ မြန်မာ-ရုရှား နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကြား ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်ရေး၊ စိန့်ပီတာစဘတ်မြို့နှင့်နိုဗိုစီဗစ်မြို့တို့၌ မြန်မာကောင်စစ်ဝန်ချုပ်ရုံးများဖွင့်လှစ်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ကာကွယ်ရေး၊လုံခြုံရေး၊ခရီးသွားလုပ်ငန်းနှင့်ပြည်သူအချင်းအချင်း ထိတွေ့ဆက်ဆံမှု၊စီးပွားရေးနှင့်ကုန်သွယ်ရေး၊ဘဏ်လုပ်ငန်း၊စွမ်းအင်၊စက်မှု၊ပညာရေး၊ပြန်ကြားရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း အလေးထားဆွေးနွေးခဲ့ကြသည်။

ထို့အတူ နှစ်နိုင်ငံကြား ကာလရှည်ကြာတည်ရှိခဲ့သည့် ချစ်ကြည်ရင်းနှီးမှုပိုမိုခိုင်မာလာစေရေးနှင့်ဆောင်ရွက်ဆဲ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများကိုအရှိန်အဟုန်ဖြင့် တိုးတက်စေရေးကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေမှ နှစ်နိုင်ငံနှင့်နိုင်ငံတကာမျက်နှာစာ အထူးသဖြင့် ကုလသမဂ္ဂ၌ မြန်မာနိုင်ငံအပေါ် ရုရှားနိုင်ငံ၏ မူအရ ရပ်တည်ချက်၊နားလည်မှုနှင့်ခိုင်မာစွာ ထောက်ခံမှုများကို မြန်မာနိုင်ငံအနေဖြင့် ကျေးဇူးတင်သည်ဟု ပြောကြားခဲ့သည်။

ထို့အတူ ရုရှားနိုင်ငံမှ ကိုဗစ်(၁၉)ရောဂါကာလအတွင်း ကိုဗစ်ကာကွယ်ဆေးများလှူဒါန်းခဲ့ခြင်းနှင့် စက်တင်ဘာ ၉ ရက်က “မိုခါ”မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် လူသားချင်းစာနာမှုအကူအညီများပေးပို့ခဲ့ခြင်းအတွက် မြန်မာအစိုးရနှင့်ပြည်သူများကိုယ်စား လှိုက်လှဲစွာကျေးဇူးတင်သည်ဟုလည်း ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here