ကိုရီးယားနိုင်ငံတွင် မြန်မာလုပ်သားတစ်ဦး အိပ်နေရင်း ကွယ်လွန်မှု ဖြစ်ပွား

0
330

ကိုရီးယားနိုင်ငံတွင် မြန်မာလုပ်သားတစ်ဦး အိပ်နေရင်း ကွယ်လွန်မှု ဖြစ်ပွားခဲ့ရကြောင်း ကိုရီးယားနိုင်ငံရောက် မြန်မာလုပ်သားများကို ကူညီပေးနေသည့် ကိုဇော်မိုးအောင်ထံမှ သိရသည်။

ကိုရီးယားနိုင်ငံ၊ ဂယောင်ဂီပြည်နယ်၊ဟွာဆောင်မြို့၊ အုဂျောင်အွတ်ရှိ နေအိမ်တွင် အသက် (၃၀) နှစ် အရွယ်ရှိ မြန်မာလုပ်သား ကိုရဲထက်အောင်မှာ စက်တင်ဘာ (၁၄) ရက် ညက အိပ်နေစဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကိုရဲထက်အောင်က အခန်းမှာ အိပ်နေတာပေါ့။ ည ၈ နာ ရီ ၃၀ မိနစ်အချိန်မှာ အလုပ်က ပြန်လာကြတဲ့ သူငယ်ချင်းတွေက ကိုရဲထက်အောင်ကို လှုပ်နိုးတဲ့အခါ ခန္ဓာကိုယ်က တောင့်နေပြီ။ သူငယ်ချင်းတွေက ၁၁၉ ကို ဖုန်းဆက် အကူအညီတောင်းတော့ ဟွာဆောင်ရဲစခန်းက ရဲဝန်ထမ်းများ ရောက်လာပြီး ကိုရဲထက်အောင်ရဲ့ သေဆုံးမှုကို စစ်ဆေးကာ ဟွာဆောင် အအေးတိုက်ကို ပို့လိုက်ပါတယ် ” ဟု ကိုဇော်မိုးအောင်က ပြောသည်။

သေဆုံးသူ ကိုရဲထက်အောင်မှာ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ သမန်းတောကျေးရွာ ဇာတိဖြစ်ပြီး ဇနီးဖြစ်သူနှင့် ကလေး (၂)ဦး ကျန်ရစ်ခဲ့ကြောင်းနှင့် ၎င်းမှာ ကိုရီးယားနိုင်ငံသို့ ရောက်ရှိ အလုပ်လုပ်ကိုင်နေသည်မှာ (၁) နှစ် မပြည့်သေးကြောင်း ကိုဇော်မိုးအောင်ထံမှ သိရသည်။

လက်ရှိတွင် ကိုရီးယားနိုင်ငံ ဟွာဆောင် ရဲစခန်းတာဝန်ရှိ ရဲဝန်ထမ်းများက ကိုရဲထက်အောင်၏ ရုပ်အလောင်းကို ထပ်မံစစ်ဆေးပြီး သင်္ဂြိုဟ်ခွင့်ပြုပါက နာရေး အစီအစဉ်ကို ထပ်မံကြေညာပေးမည် ဖြစ်ကြောင်းနှင့် နာရေးအတွက် ကိုရီးယားရောက် မြန်မာနိုင်ငံသားများမှ တတ်နိုင်သည့်ဘက်မှ ကူညီပေးကြရန် မေတ္တာရပ်ခံထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here