မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးစခန်းများကို နယ်စပ်မျဉ်းနှင့် အနီးဆုံးတွင် ရှိရန်လိုအပ်ခြင်းအတွက်ရူ့​ထောင့်အချို့

0
211

မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်‌ရေး စခန်းများအား နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီနယ်စပ်မျဉ်းနှင့် အနီးဆုံးတွင်ထားရှိရေးနှင့်ပတ်သက်၍ လေ့လာသုံးသပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဒု- ဝန်ကြီးဦးမောင်မောင်ဝင်းက ပြောကြားခဲ့သည်။

စက်တင်ဘာ (၁၄) ရက် မွန်းလွဲပိုင်းက နေပြည်တော်၌ ကျင်းပသည့် ကုန်သွယ်ရေးဇုန်/စခန်းများတည်ဆောက်ရာတွင် နိုင်ငံတကာလုပ်ငန်းစဉ်နှင့်အညီ တစ်ဖက်နိုင်ငံများကဲ့သို့ နယ်စပ်မျဉ်းအနီး တည်ဆောက်နိုင်ရေးနှင့်ပတ်သက်၍ လေ့လာသုံးသပ်ရေး ကော်မတီ၏ ပထမအကြိမ်အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

နယ်စပ်စစ်ဆေးရေးစခန်းများကို တစ်ဖက်နိုင်ငံ နယ်စပ်စစ်ဆေးရေးစခန်းများကဲ့သို့ နယ်စပ်စည်းမျဉ်းနှင့်အနီးဆုံးတွင် ထားရှိခြင်းဖြင့် တင်သွင်း/တင်ပို့မှု၊လူပုဂ္ဂိုလ်ဝင်ရောက်မှုများကို ပိုမိုကြပ်မတ်နိုင်မည်ဖြစ်ကာ တစ်ဖက်နိုင်ငံနှင့် ကုန်သွယ်မှုစာရင်း မကိုက်ညီမှုများလည်း လျော့နည်းသွားမည်ဟု ပြောသည်။

ထို့ပြင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းများအား အိမ်နီးချင်းနိုင်ငံများနှင့် ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်မည်ဖြစ်၍ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ “ကုန်သွယ် ရေးဇုန်/စခန်းများတည်ဆောက်ရာတွင် နိုင်ငံတကာလုပ်ငန်းစဉ်နှင့်အညီ တစ်ဖက်နိုင်ငံများကဲ့သို့ နယ်စပ်မျဉ်းအနီး တည်ဆောက်နိုင်ရေးအတွက် ကော်မတီတစ်ရပ် ဖွဲ့စည်းဆောင်ရွက်ရန်” ဆုံးဖြတ်ခဲ့သည်ဟု ဒုတိယဝန်ကြီးက ဆိုသည်။

လက်ရှိအချိန်၌ မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးစခန်းများအနက်အချို့သည် နယ်စပ်မျဉ်းနှင့်ဝေးကွာပြီး လူနေမြို့ရွာများသို့ ရောက်ရှိဖြတ်သန်းပြီးမှသာ ကုန်သွယ်ရေးစခန်းသို့ ရောက်ရှိရာ မြို့ရွာများတွင် ကုန်ပစ္စည်းများစုပုံ၍ ရှောင်ကွင်းလမ်းများမှတဆင့် တရားမဝင်ကုန်သွယ်မှုများ ပြုလုပ်ရန်အခွင့်အလမ်းများ ဖြစ်ပေါ်လျက်ရှိသည်ဟုလည်း ၎င်းက ပြောသည်။

ထို့ပြင် နယ်စပ်မျဉ်းနှင့် ကုန်သွယ်ရေးစခန်းများကြားရှိ မြို့ရွာများတွင် နေထိုင်သူများသုံးစွဲသည့် ဒေသသုံးကုန်စည်များသည် မိမိတို့နိုင်ငံ၏ သွင်းကုန်စာရင်းတွင်မပါဝင်ဘဲ တစ်ဖက်ကုန်သွယ်ဖက်နိုင်ငံများ၏ ပို့ကုန်စာရင်းနှင့်ကွဲလွဲခြားနားချက်များရှိနေကြောင်းကို စိစစ်တွေ့ရှိရသည်ဟု ပြောသည်။

ထို့ကြောင့် မြန်မာနိုင်ငံ၏ နယ်စပ်စစ်ဆေးရေးစခန်းများ သည် တစ်ဖက်နိုင်ငံ နယ်စပ်စစ်ဆေးရေးစခန်းများကဲ့သို့ နယ်စပ်မျဉ်းနှင့် အနီးဆုံးတွင်ရှိရန် လိုအပ်သည်ဟု မှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here