ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသား (၃၂၄) ဦး မြဝတီ အမှတ်(၂) ချစ်ကြည်ရေးတံတားမှ တဆင့် ပြန်လည်ဝင်ရောက်

0
271

ထိုင်းနိုင်ငံသို့ ရောက်ရှိအလုပ်လုပ်ကိုင်နေရာမှ အကြောင်းအမျိုးမျိုးကြောင့် နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများ (၃၂၄) ဦးသည် စက်တင်ဘာ (၁၃) ရက်တွင် မြန်မာ – ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတဆင့် ပြန်လည်ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဝင်ရောက်လာရာ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာများအား အသိပညာပေးခြင်း၊ ပြန်လည်ဝင်ရောက်လာသူများ၏ အချက်အလက်များ  ကောက်ယူခြင်းများကို လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ပြန်လာသူများတွင် ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးမှ နေရပ်ပြန်များအား မော်လမြိုင်မြို့ရှိ ဆယ်မြို့နယ် အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်းသို့ ပို့ဆောင်ပေးပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ နေရပ်ပြန်များအား မြဝတီမြို့ရှိ ရွှေမြဝတီ အသွား အလာ ကန့်သတ်စောင့်ကြည့်ရေး စခန်းများတွင် (၁၀) ရက်ကြာ ကန့်သတ်ထားရှိကာ ကိုဗစ်ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးပြီးမှသာ သက်ဆိုင်ရာ မြို့နယ်များသို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး ပြန်လည်ဝင်ရောက်လာသူများမှာ တိုင်းနှင့် ပြည်နယ်အသီးသီးမှ အမျိုးသား (၂၂၇) ဦး၊ အမျိုးသမီး (၉၇) ဦး စုစုပေါင်း (၃၂၄) ဦး ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများ ဝင်ရောက်မှုကို (၂၀၂၁) ခုနှစ်၊ သြဂုတ် (၁) ရက်မှ စတင်၍ ပြန်လည်လက်ခံပေးနေခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here