TBP ကတ် ထုတ်ယူရမည့် တုံကင်နံပါတ် ရောင်းစားခြင်းနှင့် ညအိပ်စောင့်ဆိုင်းခြင်းများ မဖြစ်ပေါ်စေရန် နေရာ‌ပြောင်း၍ ဆောင်ရွက်မည်

0
203

တရုတ်နိုင်ငံသို့ တရားဝင် အဝင်/အထွက် ပြုလုပ်နိုင်သည့် ယာယီဖြတ်သန်းခွင့် လက်မှတ် (TBP) ကတ်များ ထုတ်ပေးလျက်ရှိရာ လာရောက်တန်းစီသူ များပြားနေသည့်အတွက် ရက်ချိန်းဖြင့် တုံကင်ကန့်သတ်ကာ ထုတ်ပေးနေရကြောင်း သိရသည်။

ယင်းကဲ့သို့ တုံကင်ထုတ်ပေးရာတွင်လည်း လာရောက်‌တန်းစီသူများပြားကာ တုံတင်နေရာရောင်းစားမှုများပါ ဖြစ်ပေါ်နေသည့်အတွက် အဆိုပါ ဖြစ်ရပ်များ မဖြစ်ပေါ်စေရန် သုံးရက်တစ်ကြိမ် သို့မဟုတ် ငါးရက်တစ်ကြိမ် နေရာပြောင်း၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

အဆိုပါ TBP ကတ်သည် (၆) ညအိပ် (၇) ရက် တစ်ခါသုံးကတ်ဖြစ်၍ တစ်ကြိမ်ဝင်လျှင် အသစ်တစ်ကြိမ်မှတ်တမ်းတင်ရခြင်းဖြစ်သည်။

” ဂိတ်ပြန်ဖွင့်ပေးလိုက်တော့ အလည်အပတ်ထက် အလုပ်လုပ်မယ့်သူတွေက အများဆုံးဖြစ်နေတာ။ အလုပ်အကိုင်အခွင့်အလမ်း ပိုရသွားတာပေါ့။ အဲဒါကြောင့် လူတွေက မိုးထဲရေထဲလည်းစောင့်ပြီး ဝင်ထွက်ခွင့်ကတ်ကို လုပ်နေကြတာ”ဟု မူဆယ်မြို့မှ ဒေသခံတစ်ဦးကပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လလယ်ပိုင်းက စတင်ကာ တရုတ် – မြန်မာ နယ်စပ်ဂိတ်များ ဖြစ်သည့် နန်းတော်ဂိတ်နှင့် ဆင်ဖြူဂိတ်တို့မှတဆင့် တရုတ်နိုင်ငံအတွင်းသို့ TBP ကတ်ဖြင့် ဝင်ရောက်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ယင်းသို့ဝင်ရောက်မည့် မြန်မာနိုင်ငံသား ထောင်နှင့်ချီသည် TBP ရရှိရေး လာရောက် တန်းစီနေကြခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ၏ လူဝင်/လူထွက် လက်ခံနေမှုစနစ်သည် ယခင်က တံဆိပ်တုံးထု ကွန်ပျူတာစနစ်ဖြင့် မှတ်တမ်းတင်စနစ်ဖြစ်ပြီး ယခုအခါ ပြီးခဲ့သည့် ဇန်နဝါရီ ၂၅ ရက် ပြန်လည်ဖွင့်လှစ်ချိန်တွင် QR Code ဖြင့် မှတ်တမ်းတင် ဆောင်ရွက်သဖြင့် အချိန်ကြာမြင့်ခြင်းများ ဖြစ်ပေါ်နေကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ TBP ကတ် လျှောက်ထားမည့်သူသည် နယ်စပ်ဂိတ်၌ တန်းစီပြီး (နိုင်ငံသားစိစစ်ဆေးကတ်ပြား/ ဧည့်နိုင်ငံသား/ နိုင်ငံသားပြုခွင့်ကတ်ပြား) ပြသ၍ အမည်မည်းစာရင်းနှင့် တရားခံပြေးစာရင်းအား စိစစ်အတည်ပြု ခွင့်ပေးခြင်း၊ e-ID စနစ်ဖြင့် စစ်ဆေးအတည်ပြုပြီး နိုင်ငံသားမှန်ကန်ပါက တစ်ပါတည်းခွင့်ပြုပေးခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် လျှောက်ထားသူအား ဓါတ်ပုံရိုက်ခြင်း၊ MRTD စက်တွင် ကွန်ပျူတာဖြင့် ကိုယ်ရေးအချက်အလက်ရိုက်သွင်းပြီး ကတ်ပြားထုတ်ပေးခ ၅၀၀ ကျပ်နှင့် ဖြတ်သန်းခ ၅၀၀ ကျပ် စုစုပေါင်း ၁,၀၀၀ ကျပ် အခွန်အခ ကောက်ခံကြောင်း သိရသည်။

ယင်းအပြင် ရက်ချိန်းပေးဆောင်ရွက်ရာတွင် တရုတ်နိုင်ငံသို့ သွားရောက်မည့်သူကိုယ်တိုင် ကိုင်ဆောင်လက်မှတ်ဖြင့် တန်းစီခြင်း၊ လဝကမှ လူနှင့်ကိုင်ဆောင်လက်မှတ် တိုက်ဆိုင်စိစစ်အတည်ပြုပြီး မှန်ကန်ပါက လက်ခံမှတ်ပုံတင်စာရင်းတွင် မှတ်ပုံတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

Photo- SaiMao SinSang


LEAVE A REPLY

Please enter your comment!
Please enter your name here