လစ်ဗျား၌ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၁၁,၀၀၀ ကျော်ရှိလာကာ ၁၀,၀၀၀ ကျော်ပျောက်ဆုံးနေဟုဆို

0
317

လစ်ဗျားနိုင်ငံ၌ ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၁၁,၀၀၀ ကျော်ရှိလာပြီဖြစ်ကာ ပျောက်ဆုံးနေသူလည်း ၁၀,၀၀၀ ကျော်ရှိလာပြီဖြစ်သည်ဟု အာဏာပိုင်များကပြောကြားခဲ့သည်။ ဆည်ကျိုး၍ ရေကြီးရေလျှံမှုကြောင့် ယခုကဲ့သို့ သေဆုံးနှုန်းမြင့်တက်လာရခြင်းလည်းဖြစ်သည်။

မိုးသည်းထန်စွာရွာသွန်းပြီး ဆည်နှစ်ခုကျိုးကျမှုကြောင့် လျှံကျ စီးဆင်းလာသောရေများသည် မြို့တစ်မြို့လုံးနီးပါးကိုတိုက်စားသွားပြီး လမ်းများ၊အဆောက်အအုံများနှင့် လူအများသည် ရေစီးဖြင့်မျောပါသွားကာ ပင်လယ်ထဲရောက်ရှိကုန်ကြသည်ဟုလည်းဆိုသည်။

ကုလသမဂ္ဂအဖွဲ့၏အရာရှိများကမူ လစ်ဗျား၌ အချိန်နှင့်တစ်ပြေးညီ မိုးလေဝသကြေငြာချက်များအချိန်မီ ထုတ်ပြန်ပါက သေဆုံးမှုနှုန်းကိုလျှော့ချနိုင်မည်ဖြစ်သည်ဟုဆိုခဲ့သည်။ အကယ်၍ ယင်းသို့ကြေငြာချက်ထုတ်ပြန်နိုင်ခဲ့သော် အရေးပေါ်အခြေအနေစီမံခန့်ခွဲရေးဌာနအနေဖြင့် လူအများစုအား ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးနိုင်လိမ့်မည်ဖြစ်ကြောင်းလည်းဆိုသည်။

ကမ္ဘာ့မိုးလေဝသဌာနကမူ ၎င်းတို့အနေဖြင့် အစိုးရများထံသို့ အီးမေးလ်နှင့်မီဒီယာများမှတစ်ဆင့် ၇၂ နာရီကြိုတင်အကြောင်းကြားအသိပေးထားပြီး လစ်ဗျားအရှေ့ပိုင်းအာဏာပိုင်များကလည်း ရေကြီးရေလျှံမှုဖြစ်ပေါ်နိုင်ကြောင်းသာသတိပေးခဲ့ပြီး ဆည်ကျိုးနိုင်သည့်အန္တရာယ်အတွက်တော့သတိမပေးမိခဲ့ကြောင်းပြောကြားခဲ့သည်။

ဆက်လက်၍လည်း သေဆုံးနှုန်းသည်ထပ်မံမြင့်တက်လာနိုင်ကြောင်း အာဏာပိုင်များကပြောကြားခဲ့ပြီး အပျက်အစီးနှင့်ရွှံ့များအောက်တွင် ရုပ်အလောင်းများထပ်မံတွေ့ရှိနိုင်သဖြင့် သေဆုံးနှုန်းဆက်လက်မြင့်တက်လာနိုင်သည်ဟုလည်းပြောကြားခဲ့သည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here