YRTC အနေဖြင့် ဒဏ်ကြေးလိုချင်၍ လိုက်လံဖမ်းဆီးနေရခြင်းမဟုတ်ဟုဆို

0
297

ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) အနေဖြင့် YBS ယာဉ်များကို ဒဏ်ကြေးလိုချင်၍ လိုက်လံဖမ်းဆီးနေရခြင်းမဟုတ်ကြောင်း တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောကြားခဲ့သည်။

စည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်မောင်းများအား အသိပညာပေးဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးတွင် ဦးလျန်ကျင့်မာန်က စည်းကမ်းဖောက်ဖျက်သည့် ယာဉ်မောင်းများမှာ မီးနီဖြတ်သန်း မောင်းနှင်သူများဖြစ်ပြီး ယာဉ်စည်းကမ်းတွင် အမြင့်ဆုံးပြစ်ဒဏ်ချမှတ်နိုင်ကြောင်း၊ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်အထိ မီးနီဖြတ်မောင်းသည့် ပြစ်မှုကိုကျူးလွန်ခဲ့ပါက YBS ယာဉ်လိုင်းကုမ္ပဏီမှ YRTC နှင့်ပူးပေါင်း၍ ချက်ချင်းရာသက်ပန် ထုတ်ပယ်သည်အထိ အရေးယူဆောင်ရွက်ရန်ညွှန်ကြားထားပြီး ဖြစ်ကြောင်း၊ ဒဏ်ကြေးလိုချင်၍ လိုက်လံဖမ်းဆီးနေရခြင်းမဟုတ်၊ ယာဉ်မောင်းများ၊ ခရီးသည်များ ဘေးကင်းလုံခြုံရေးအတွက် ဖမ်းဆီးအရေးယူနေရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် တတ်ရောက်လာသည့် ယာဉ်မောင်းများကို မဆင်မခြင်မောင်းနှင်မှု၊ တစ်စီးနှင့်တစ်စီးယှဉ်ပြိုင်မောင်းနှင်မှုများ၊ မီးနီဖြတ်သန်းမောင်းနှင်မှုများကို Traffic Control Center မှအချိန်နှင့်တပြေးညီစောင့်ကြပ်၍ Video မှတ်တမ်း ရယူထား၍ အရေးယူခြင်းဖြစ်ကြောင်း သိရသည်။

YBS ယာဉ်များသည် လမ်းပေါ်တွင် အခေါက်ရေများများရလိုစိတ်ဖြင့် တစ်စီးနှင့်တစ်စီး ဗိုလ်ကျမောင်းနှင်နေခြင်း၊ လုယက်မောင်းနှင် နေကြခြင်းများကြောင့် ယာဉ်တိုက်ခိုက်မှုများဖြစ်ပေါ်ပြီး နစ်နာသူ ခရီးသွားလုပ်သားပြည်သူတို့၏ အသက်၊အိုးအိမ် နှင့် ကျန်ရစ်သူမိသားစုဝင်တို့၏ဘဝများ များစွာထိခိုက်ကြရပါကြောင်း၊ ထိုသို့ စည်းကမ်းမဲ့ လုပ်ရပ်များအား မပြုလုပ်ကြရန်နှင့် ခရီးသွားလုပ်သားပြည်သူများအား ကိုယ်ချင်းစာ၍ တာဝန်ယူ၊တာဝန်ခံမှုအပြည့်နှင့် ဘေးကင်းလုံခြုံစွာ ဝန်ဆောင်မှုကောင်းကောင်းဖြင့် ပို့ဆောင်ပေးကြရန် ၎င်းကထပ်လောင်းပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here