ကင်မ်၏ရုရှားခရီးစဉ်အတွင်း မည်သည့်သဘောတူညီချက်မျှမပြုလုပ်ခဲ့

0
154

မော်စကို၊စက်တင်ဘာ ၁၅

မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအမ်း၏ရုရှားခရီးစဉ်အတွင်း မည်သည့်သဘောတူညီချက်ကိုမှ လက်မှတ်ရေးထိုးခြင်းမရှိခဲ့ကြောင်း ခရင်မလင်က သောကြာနေ့တွင်ကြေငြာချက်ထုတ်ပြန်ခဲ့သည်။

“နှစ်နိုင်ငံကြား လက်နက်အရောင်းအဝယ်ဖြစ်သွားမှာကို ဝါရှင်တန်နဲ့အနောက်နိုင်ငံတွေကစိုးရိမ်နေကြပေမဲ့ ဒီခရီးစဉ်မှာ ဘာသဘောတူညီချက်တစ်ခုကိုမှ လက်မှတ်ရေးထိုးတာမျိုးမလုပ်ခဲ့ပါဘူး” ဟု ခရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ဗ်ကပြောကြားခဲ့သည်။

ကင်မ်သည်၎င်း၏ရုရှားခရီးစဉ်အား အင်္ဂါနေ့ကစတင်ခဲ့ပြီး သမ္မတပူတင်နှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံခေါင်းဆောင်များသည် ရိုင်ဖယ်သေနတ်များကိုလက်ဆောင်အဖြစ်လဲလှယ်ခဲ့ကြသဖြင့် လက်နက်အရောင်းအဝယ်နှင့်ပတ်သက်သည့်ခရီးစဉ်မျိုးဖြစ်မည်ကို အနောက်နိုင်ငံများကစိုးရိမ်ခဲ့ကြခြင်းလည်းဖြစ်သည်။

သမ္မတပူတင်ကမူ နိုင်ငံတကာပိတ်ဆို့ဒဏ်ခတ်မှုများ မြောက်ကိုရီးယားတွင်ရှိနေသော်လည်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအား ပိုမိုတိုးတက်ကောင်းမွန်လာစေနိုင်သောအလားအလာရှိပြီး စစ်ရေးအရဆက်ဆံရေးအတွက်လည်း ဖြစ်နိုင်ခြေရှိသည်ဟုပြောကြားခဲ့သည်။

ဆက်လက်၍သမ္မတပူတင်သည် ကင်မ်၏မြောက်ကိုရီးယားသို့လာရောက်ရန်ဖိတ်ကြားမှုအားလက်ခံခဲ့ပြီး ရက်စွဲအတိအကျကိုထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ကြောင်းသိရသည်။ ထို့အပြင်ကင်မ်သည် ရုရှားအရှေ့ဖျားရှိ တိုက်လေယာဉ်များထုတ်လုပ်ရာစက်ရုံသို့လည်းသွားရောက်လည်ပတ်ဦးမည်ဖြစ်ကြောင်းသိရှိရသည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here