လေဘာပါတီနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးပါတီတို့၏ နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားချက်ကို UEC မှ ခွင့်ပြု

0
234

လေဘာပါတီနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးပါတီတို့၏ နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) မှ သိရသည်။

လေဘာပါတီနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးပါတီတို့မှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုလိုက်သည်။

ထိုသို့ UEC က စက်တင်ဘာ (၁၄) ရက်တွင် ခွင့်ပြုလိုက်ခြင်းဖြစ်ပြီး ခွင့်ပြုချက်ရရှိသည့်နေ့မှ စတင်၍ ရက်ပေါင်း (၃၀)အတွင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ (၇) နှင့်အညီ ကော်မရှင်သို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုပေးရန် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) အနေဖြင့် စက်တင်ဘာ (၁၅) ရက်ကလည်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ (၉)နှင့် အညီ အမျိုးသားနိုင်ငံရေး အားမာန်သစ်ပါတီကို ပါတီမှတ်ပုံတင် အမှတ် (၃၇)ဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

လက်ရှိ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ (၃) အရ လျှောက်ထားသည့် ပါတီ (၁၄) ပါတီရှိပြီး၊ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ (၂၅) အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီ (၅၀) ပါတီ၊ စုစုပေါင်း (၆၄) ပါတီ ရှိပြီဖြစ်ကြောင်းနှင့် UEC အနေဖြင့် မှတ်ပုံတင်ခွင့်ပြုထားသည့် ပါတီ (၃၇) ပါတီရှိပြီဖြစ်ကြောင်း UEC ၏ အချက်အလက်များအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here