တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များမန္တလေးမြို့၌ လာရောက်ရင်းနှီးမြှုပ်နှံရန် ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးဖိတ်ခေါ်

0
269

တရုတ်နိုင်ငံ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့၌ ရောက်ရှိနေသည့် ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးမှ စက်တင်ဘာ (၁၆) ရက် နံနက်ပိုင်းက ကျင်းပသော မန္တလေးတိုင်းကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလာမှုမြှင့်တင်ရေး ဖိုရမ်သို့တက်ရောက်၍ မိန့်ခွန်းပြောကြားရာ၌ ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။

မန္တလေးမြို့သည် မြန်မာ – တရုတ် အနာဂတ်ပူးပေါင်းဆောင်ရွက်မှုတွင် အရေးပါသည့် တရုတ်- မြန်မာ မီးရထားလမ်းစီမံကိန်း၊ တရုတ် – မြန်မာ စီးပွားရေးစင်္ကြံ(CMEC) စီမံကိန်း၊ မဟာမဲခေါင်ဒေသခွဲ(GMS)၏ အရှေ့အနောက်စီးပွားရေးစင်္ကြံနှင့် တောင်မြောက်စီးပွားရေး စင်္ကြံများဖြင့် ချိတ်ဆက်နေသည့် ကုန်သွယ်ရေးလမ်းကြောင်းများ၏ ဗဟိုချက်တွင်တည်ရှိ‌နေသည်ဟု ဆိုသည်။

ထို့ကြောင့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ၌ နှစ်လိုဖွယ်ရာမြို့တော်(City of Charm)အဖြစ် ရွေးချယ်ပြသခြင်းဖြစ်ကာ တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အလားအလာရှိသည့် စားသောက်ကုန်ထုတ်လုပ်မှု လုပ်ငန်း၊အထည်ချုပ်လုပ်ငန်း၊ ကျောက်မျက်ရတနာ အချောထည်လုပ်ငန်း၊ ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်မှုလုပ်ငန်း၊ ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံနိုင်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

အဆိုပါ ဖိုရမ်တွင် မန္တလေးမြို့သာ စက်မှုဇုန်စီမံကိန်း၊ အမရပူရ ခရီးသွားစီမံကိန်း၊ မင်္ဂလာမန္တလေး စီမံကိန်း၊ ရေတံခွန်တောင် မြို့တော်စီမံကိန်းနှင့် မြန်မာနိုင်ငံ သစ်သီးဝလံကဏ္ဍများနှင့် ပတ်သက်၍ တာဝန်ရှိသူများက ဆွေးနွေးတင်ပြခဲ့ကြသည်။

ထို့ပြင် ဖိုရမ်၌ Cooperation Agreement of Luban Work shop Operation Project in Myanmar ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (၂) ရပ်၊ကုန်သွယ်မှုနှင့် ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ပျားရည်ရောင်းဝယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်တို့အား လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here