မြန်မာကို အဆင့်မြင့် နျူကလီးယားနည်းပညာများ လေ့ကျင့်ပေးဖို့ တရုတ်ထံ မြန်မာသံအမတ်တောင်းဆို

0
387

နျူကလီးယားနည်းပညာနှင့်ပတ်သက်၍ အဆင့်မြင့် တိုးတက်နေပြီဖြစ်သည့် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ ကျန်းမာရေးနှင့် စွမ်းအင် ကဏ္ဍများတွင် နျူကလီးယား အဆင့်မြင့်နည်းပညာများ အသုံးပြုနိုင်ရေး ကျွမ်းကျင်ပညာရှင်များကို လေ့ကျင့်ပေးစေလိုကြောင်း မြန်မာသံအမတ် ဦးခင်မောင်ဆွေက တရုတ်ထံ တောင်းဆိုလိုက်သည်။

စက်တင်ဘာ (၁၆) ရက်က တရုတ်နိုင်ငံ၊ကွမ်းရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် ကျင်းပသည့်  ဒုတိယအကြိမ်မြောက် အာဆီယံ-တရုတ် နျူကလီးယားနည်းပညာအား ငြိမ်းချမ်းစွာ အသုံးပြုခြင်းဖိုရမ်တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

နျူကလီးယားနည်းပညာကို ငြိမ်းချမ်းစွာ အသုံးပြုခြင်းသည် စွမ်းအင်ကဏ္ဍ၊စက်မှုကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ဆေးဝါးကဏ္ဍ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍတို့တွင် များစွာအသုံးဝင်၍ ပြည်သူလူထု၏ လူနေမှုဘဝ အရည်အသွေးကို မြင့်တက်စေကြောင်းလည်း တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမောင်ဆွေက ထည့်သွင်း ပြောကြားသွားသည်။

ထို့အပြင် “Atoms for Better Home” ဆောင်ပုဒ်မှာ လက်ရှိ နည်းပညာရေစီးကြောင်းဖြင့် ကိုက်ညီမှု ရှိသည့်အပြင် တရုတ်နိုင်ငံမှ နျူကလီးယားနည်းပညာဖြင့် ထုတ်လုပ်သည့် ထုတ်ကုန်များကိုလည်း အာဆီယံနိုင်ငံများသို့ တင်ပို့လျက်ရှိနေနိုင်ပြီဖြစ်ကြောင်း ထောက်ပြပြောဆိုသွားသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အနုမြူစွမ်းအင် အာဏာပိုင်အဖွဲ့၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစိုးရနှင့် China National Nuclear Corporation တို့ ပူးတွဲကျင်းပခဲ့သည့် “အာဆီယံ-တရုတ် နျူကလီးယားနည်းပညာအား ငြိမ်းချမ်းစွာအသုံးပြုခြင်း ဖိုရမ်” သို့ မြန်မာနိုင်ငံ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အနုမြူစွမ်းအင်အာဏာပိုင်အဖွဲ့၏ ဒုတိယဥက္ကဋ္ဌ၊ ကွမ်းရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုတိယအုပ်ချုပ်ရေးမှူးနှင့် China National Nuclear Corporation ၏ ဥက္ကဋ္ဌ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် တရုတ်-အာဆီယံစင်တာ အတွင်းရေးမှူးချုပ်တို့လည်း တက်ရောက်မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here