နောက်(၂)ရက်အတွင်း မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် မိုးထစ်ချုန်းရွာမည်

0
335

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းလာသောကြောင့် နောက်(၂) ရက်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် မိုးထစ်ချုန်းရွာသွန်းမည့် အခြေအနေများ ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

ယနေ့စက်တင်ဘာ (၁၈)ရက် နံနက်(၇)နာရီ တိုင်းတာချက်အရ နောက်(၂) ရက်အတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသအခြေအနေနှင့် ပတ်သက်၍ မိုးဇ/လ က သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

ယနေ့ညနေအထိ ခန့်မှန်းချက်အရ ကယားပြည်နယ်တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ စစ်ကိုင်း၊ မကွေးတိုင်း၊ ကချင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းနှင့် မန္တလေး၊ ကချင်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေမှာ တစ်နာရီ  မိုင်(၃၀)မှ (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၇)ပေမှ (၉) ပေခန့် ရှိနိုင်သည်။

နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတို့တွင် မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာသွန်းနိုင်ပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here