ကန်ဒေါ်လာ ၆ ဘီလျံတန် အကျဉ်းသားလဲလှယ်မှုသဘောတူပြီးနောက် အီရန်မှ အမေရိကန်အကျဉ်းသား ၅ ဦး လွတ်လာပြီ

0
351

ကာတာနိုင်ငံ၏ ကြားဝင် ညှိနှိုင်းပေးမှုအရ တောင်ကိုရီးယားဘဏ်တစ်ခုတွင် ထိန်းသိမ်းထားသော အီရန်နိုင်ငံ၏ငွေ ဒေါ်လာ ၆ ဘီလီယံ(ပေါင် ၄.၈ ဘီလီယံ)ကို ဒိုဟာရှိ ဘဏ်များသို့ပြန်လွှဲပေးရန်နှင့် အမေရိကန်ရှိ အီရန် အကျဉ်းသား ၅ ဦးကို ပြစ်ဒဏ်မှသက်သာခွင့်ပေးရန်ဟူသည့် အချက်များကို အမေရိကန်အစိုးရက သဘောတူညီခဲ့ပြီးနောက် အီရန်တွင် အကျဉ်းချထားသော အမေရိကန် အကျဉ်းသား ၅ ဦးကို အီရန်အစိုးရက အမေရိကန်သို့ ပြန်ပို့ပေးလိုက်ပြီဖြစ်သည်။

ယင်းသဘောတူညီချက်ကြောင့် အီရန်နိုင်ငံအား ငွေကြေးများစွာ ထောက်ပံ့သည်ဟု သမ္မတဘိုင်ဒင်အစိုးရအပေါ် ပြစ်တင်ဝေဖန်မှု များစွာပေါ်ပေါက်ခဲ့သည်။

တီဟီရန်၏ နာမည်ဆိုးဖြင့် ကျော်ကြားသော Evin အကျဉ်းထောင်တွင် ရှစ်နှစ်နီးပါး နေထိုင်ခဲ့ရသည့် အမေရိကန်မှ အမျိုးသားလေးဦးနှင့် အမျိုးသမီးတစ်ဦးတို့ ကာတာနိုင်ငံမြို့တော်သို့ စင်းလုံးငှားလေယာဉ်ဖြင့် ရောက်ရှိခဲ့ပြီးနောက် ၎င်းတို့ကို အမေရိကန် အကြီးတန်း အရာရှိများက တွေ့ဆုံခဲ့ကြပြီး ယခုအခါ ဝါရှင်တန်သို့ ခရီးဆက်နေကြပြီ ဖြစ်သည်။

ယင်းတို့အထဲတွင် အသက် ၅၁ နှစ်အရွယ် စီးပွားရေးသမား Siamak Namazi နှင့် စီးပွားရေးသမား Emad Shargi(၅၉ နှစ်)နှင့် ဗြိတိန်နိုင်ငံသား Morad Tahbaz(၆၇ နှစ်)တို့ ပါဝင်သည်။ အီရန်နိုင်ငံ၏ နိုင်ငံရေးအပေါ် စွက်ဖက်လွှမ်းမိုးမှုဟူသည့် အခြေအမြစ်မရှိသော စွဲချက်ဖြင့် ၎င်း၏ နိုင်ငံသားများအား ထောင်ချခြင်း ခံခဲ့ရသည်ဟု အမေရိကန်က ပြောကြားခဲ့သည်။ ထိုသူတို့သည် အီရန်နိုင်ငံသားအဖြစ် ခံယူထားသူများလည်း ဖြစ်ကြကြောင်း သိရသည်။

အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများကို ချိုးဖောက်မှုဖြင့် အမေရိကန် အကျဉ်းထောင်များတွင် အကျဉ်းကျခံနေရသော အီရန်နိုင်ငံသား ငါးဦးကိုလည်း ယင်းလဲလှယ်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကျခံနေရသော ပြစ်ဒဏ်များမှ သက်သာခွင့် ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here