ရုရှားနှင့်တရုတ်တို့က ရေနံတင်ပို့သည့်အဆောက်အအုံအား ကန်ဒေါ်လာသန်းခြောက်ရာကျော်အထိအသုံးပြုကာ တည်ဆောက်မည်ဟုဆို

0
265

မော်စကို၊စက်တင်ဘာ ၁၈

ရုရှား၏ United Oil and Gas – Chemical (ONGK) နှင့် တရုတ်နိုင်ငံ၏ Xuan Yuan စက်မှုဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်တို့သည် ရုရှားအရှေ့ဘက်စွန်းတွင် ရေနံတင်ပို့သည့်အဆောက်အအုံတည်ဆောက်မှုတွင် ယွမ် ၅ ဘီလျံ (အမေရိကန်ဒေါ်လာ ၆၈၆ သန်း) တန်ဖိုးရှိသည့်ရင်းနှီးမြှုပ်နှံမှုကိုပြုလုပ်ရန်သဘောတူညီခဲ့ကြောင်းသိရသည်။

ယခုစီမံကိန်းအတွက်ငွေကြေးထောက်ပံ့မှုသဘောတူညီချက်အား ပြီးခဲ့သည့်သီတင်းပတ်က ရုရှားအရှေ့ဖျားရှိ ဗလာဒီဗိုစတော့ခ်မြို့၌ကျင်းပပြုလုပ်ခဲ့သည့် စီးပွားရေးဖိုရမ်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းလည်းဖြစ်သည်ဟုဆိုခဲ့ပြီး ရန်ပုံငွေများကို ရုရှားနှင့်တရုတ်ဘဏ္ဍာရေးအဖွဲ့အစည်းများတွင် စုဆောင်းသွားမည်ဖြစ်ကြောင်း ၎င်းတို့ကပြောကြားခဲ့သည်။

အဆိုပါအဆောက်အအုံအား ရုရှားနိုင်ငံ၏ Nizhneleninskoye မြို့မှ တရုတ်နိုင်ငံ Tongjang မြို့များအားဆက်သွယ်ပေးမည့်ဒေသဖြစ်သော ဂျူးလူမျိုးများ၏ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Amur မြစ်ကိုဖြတ်သန်းထားသည့် မီးရထားတံတားအနီးတွင်တည်ဆောက်မည်ဖြစ်သည်ဟုလည်းသိရသည်။

အဆိုပါအဆောက်အအုံတွင် တစ်နှစ်လျှင် ရေနံစိမ်း၊ရေနံနှင့်သဘာဝဓာတ်ငွေ့အရောအနှောများကို မက်ထရစ်တန်ချိန် ၅ ဒသမ ၈ သန်းအထိသိုလှောင်ပြီး ရောနှောထားနိုင်သည့် ကြီးမားသောအခြေခံအဆောက်အအုံယူနစ်ငါးခုအထိရှိမည်ဟုလည်းသိရသည်။

ထို့ပြင် နှစ်စဉ်ထုတ်ကုန်တန်ချိန်ပေါင်း ၆၅၀,၀၀၀ အထိဖြည့်ပေးနိုင်မည့် ဓာတ်ငွေ့ဖြည့်အဆောက်အအုံလည်းပါရှိမည်ဖြစ်သည်ဟုဆိုသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here