စက်သုံးဆီစျေးနှုန်းများ အနည်းငယ်ကျသော်လည်း တစ်လီတာ ၂၄၀၀ ကျပ်အထက်၌ (၄) ရက်ဆက်တိုက်ရှိနေ

0
270

စက်သုံးဆီစျေးနှုန်းများ အနည်းငယ် ကျဆင်းလာသော်လည်း တစ်လီတာ ၂၄၀၀ ကျပ်အထက်၌ (၄) ရက်ဆက်တိုက်ရှိနေကြောင်း ရန်ကုန်စက်သုံးဆီအရောင်းဆိုင်များ၏ ဈေးနှုန်းများအရ သိရသည်။

စက်တင်ဘာ ၁၆ ရက်မှ စတင်၍ (၄) ရက်ဆက်တိုက် ၂၄၀၀ ကျပ်အထက်၌ ရှိနေခြင်းဖြစ်ပြီး ယနေ့ စက်တင်ဘာ (၁၉) ရက်တွင် 92 Ron တစ်လီတာလျင် ၂၄၁၅ ကျပ်ဖြင့် ရောင်းချရန် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ရည်ညွှန်းလက်လီစျေးနှုန်း သတ်မှတ်ပေးထားခြင်းဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာ (၁၆) ရက်၊ (၁၇) ရက်နှင့် (၁၈) ရက်တို့တွင် 92 Ron တစ်လီတာလျင် ၂၄၄၀ ကျပ်ဖြင့် ရောင်းချခဲ့သဖြင့် ယနေ့ ရောင်းချသည့် စျေးနှုန်းအရ ၂၅ ကျပ်သာကျဆင်းခဲ့ကြောင်း စက်သုံးဆီရည်ညွှန်းလက်လီစျေးနှုန်းများအရ သိရသည်။

“ဆီစျေးတွေက အတက်မှာပဲရှိနေတော့ ကားမောင်းရတာ တွက်ချေမကိုက်ဘူး။ ခရီးသည်မရတဲ့ ရက်ဆိုရင် ပိုဆိုးတယ်။ အုံနာခ/ဆီဖိုးနှုတ်ပြီးရင် ကိုယ့်အတွက် မကျန်တဲ့ရက်တွေတောင်ရှိတယ်”ဟု Taxi မောင်းသူတစ်ဦးဖြစ်သည့် ကိုဇော်မင်းဦးက ပြောသည်။

ရန်ကုန်တိုင်းအတွင်း ယနေ့ရောင်းချလျက်ရှိသည့် စက်သုံးဆီလက်လီစျေးနှုန်းများမှာ 92 Ron တစ်လီတာလျင် ၂၄၁၅ ကျပ်၊ 95 Ron တစ်လီတာလျင် ၂၅၄၀ ကျပ်၊ HSD (500ppm) တစ်လီတာလျင် ၂၅၇၅ ကျပ် HSD (50ppm),HSD(10 ppm) တစ်လီတာလျင် ၂၆၅၀ ကျပ်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရည်ညွှန်းလက်ကားစျေးနှုန်းများအနေဖြင့် ရန်ကုန်တိုင်းတွင် 92 Ron ၂၂၉၈ ကျပ်၊ 95 Ron ၂၄၂၂ ကျပ်၊ HSD(500 ppm) ၂၄၅၅ ကျပ်၊ HSD(50 ppm),HSD(10 ppm) ၂၅၂၉ ကျပ်တို့ ဖြစ်သည်။

ရန်ကုန်တိုင်းနည်းတူ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ မကွေး၊ထားဝယ်၊ မုံရွာ၊ ပုသိမ်၊ ဘားအံ၊ မော်လမြိုင်တို့တွင်လည်း 92 Ron တစ်လီတာလျင် ၂၄၀၀ ကျပ်ကျော်၊ မြစ်ကြီးနား၊စစ်တွေ၊ လားရှိုး၊ တောင်ကြီး၊ လွိုင်ကော်တို့၌ 92 Ron တစ်လီတာလျင် ၂၅၀၀ ကျပ်ကျော်ဖြင့် ရောင်းချလျက်ရှိသည်။

ထို့ပြင် ဟားခါးတွင် 92 Ron တစ်လီတာလျင် ၂၇၃၀ ကျပ်၊ကျိုင်းတုံတွင် 92 Ron တစ်လီတာလျင် ၃၃၁၅ ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here