ဗိုလ်တစ်ထောင် မီးပွိုင့်ထောင့်တွင် အမျိုးသားတစ်ဦး လမ်းဖြတ်ကူးစဉ် ကုန်တင်ယာဉ်တစ်စီးမှ ဝင်တိုက်မိမှု ဖြစ်ပွား

0
204

ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ် အနော်ရထာလမ်းနှင့် ဗိုလ်တစ်ထောင် မီးပွိုင့်ထောင့်တွင် အမျိုးသား (၁) ဦး လမ်းဖြတ်ကူးစဉ် ကုန်ပစ္စည်းတင်သည့် ယာဉ်တစ်စီးမှ ဝင်ရောက်တိုက်မိမှု ဖြစ်ပွားခဲ့ကြောင်း ဖြစ်စဉ်အား သွားရောက်ကူညီခဲ့သည့် စေတနာလူမှုကူညီရေးအသင်း (ပုဇွန်တောင်)မှ သိရသည်။

ဖြစ်စဉ်မှာ အနော်ရထာလမ်းနှင့် ဗိုလ်တစ်ထောင် မီးပွိုင့်ထောင့်တွင် စက်တင်ဘာ (၁၈) ရက် ညနေပိုင်း အချိန်က အသက် (၆၇)နှစ် အရွယ် အမျိူးသားတစ်ဦး ကားလမ်းဖြတ်ကူးစဉ် ဝင်တိုက်မိခဲ့ခြင်းဖြစ်ပြီး အတိုက်ခံရသူ အမျိုးသားမှာ နဖူးပေါက်၊ ခေါင်းကွဲ၊ နားသွေးထွက် ဒဏ်ရာများ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

“ကားသမားကတော့ အတိုက်ခံရတဲ့ သူကို တာဝန်ယူပေးတယ်။ သူကိုယ်တိုင် ဆေးရုံလိုက်ပို့တယ်။ မျဉ်းကျားကနေ ဖြတ်ကူးတာ ကားကလည်း ပုဇွန်တောင်ဘက်ကနေ ဗိုလ်တစ်ထောင် ဘုရားဘက်သွားတဲ့လမ်းမှာ တိုက်မိတာ။ သူကလည်း အသက်နည်းနည်းကြီးနေတော့ ကားလာတာ မမြင်လိုက်ဘူး။ ပွတ်တိုက်သွားတာပါ။” ဟု ဖြစ်စဉ်ကို သွားရောက်ကူညီပေးခဲ့သည့် စေတနာ လူမှုကူညီရေးအသင်း (ပုဇွန်တောင်)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လူနာအား ရန်ကုန်ဆေးရုံကြီးသို့ စေတနာ လူမှုကူညီရေးအသင်း (ပုဇွန်တောင်)မှ အရေးပေါ် ယာဉ်မောင်းနှင့် လုပ်အားပေး အသင်းသား/သူများမှ (အခမဲ့)ပို့ဆောင် ကူညီပေးခဲ့ကြောင်း သိရသည်။

စက်တင်ဘာ (၁၈)ရက် ညနေ (၅) နာရီကျော် အချိန်ခန့်ကလည်း ဗိုလ်တစ်ထောင်မြို့နယ်၊ ကျောက်လမ်းမပေါ်တွင် ကွန်တိန်နာတစ်စီးမှ အမျိုးသား (၁)ဦးအား ဝင်ရောက်တိုက်မိခဲ့၍ သေဆုံးမှု ဖြစ်ပွားခဲ့သေးကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here