MSME လုပ်ငန်းများ အားကောင်းလာစေမည့် ဒီဂျစ်တယ်ဂေဟစနစ်ဖန်တီးရန် ပူးပေါင်းလုပ်ဆောင်လို​ကြောင်း UMFCCI ဥက္ကဋ္ဌဆို

0
225

စွန့်ဦးတီထွင်သူများနှင့် အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများကို အားကောင်းလာစေမည့် ဒီဂျစ်တယ်ဂေဟစနစ်တစ်ခု ဖန်တီးရန် အတူတကွ ပူးပေါင်းလုပ်ဆောင်လိုကြောင်း ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းက တရုတ် – အာဆီယံ ကုန်စည်ပြပွဲ(CAEXPO)တွင် ပြောကြားခဲ့သည်။

အကြိမ်(၂၀)မြောက် တရုတ် -အာဆီယံ ကုန်စည်ပြပွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်မှ (၁၉)ရက်နေ့ အထိ (၄) ရက်ကြာကျင်းပခဲ့ခြင်း ဖြစ်သည်။

ယင်းကုန်စည်ပြပွဲနှင့်အတူ စက်တင်ဘာလ (၁၇)ရက်တွင် နန်နင်းမြို့၊ Grand Metropark Hotel ၌ တရုတ်-အာဆီယံ စီးပွားရေးခေါင်းဆောင်များဖိုရမ်နှင့် ကွန်ဖရင့်ကိုလည်း ကျင်းပခဲ့ကြောင်း သိရသည်။

ဥက္ကဋ္ဌ ဦးအေးဝင်းက “တရုတ်နိုင်ငံနှင့် အာဆီယံ စီးပွားရေးခေါင်းဆောင်များ တွေ့ဆုံမှုသည် စီးပွားရေး ဆက်ဆံမှုများ ခိုင်မြဲမှုနှင့် တရုတ်နှင့် အာဆီယံနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် အတွက် ထူးခြားသည့်အခွင့်အလမ်းဖြစ်ကြောင်း၊ အမြဲပြောင်းလဲနေသော ကမ္ဘာလုံးဆိုင်ရာ အခင်းအကျင်းတွင် မိမိတို့အနေဖြင့် စိန်ခေါ်မှုများကို ကျော်လွှားပြီး အလားအလာများကို သော့ဖွင့်ခြင်းဖြင့် အခွင့်အလမ်းများကို ဆုပ်ကိုင်နိုင်ရန်အတွက် အတူတကွ လုပ်ဆောင်ရန် အရေးကြီးကြောင်း” ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်-မြန်မာအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို အဆင်ပြေချောမွေ့စေရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး RCEP ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ထိရောက်စွာ အကောင်အထည်ဖော်ခြင်း၊ စည်းမျဉ်းစည်းကမ်းများကို ရိုးရှင်းစေခြင်းနှင့် စံချိန်စံညွှန်းများညီညွတ် စေခြင်းတို့ အပါအဝင် အတားအဆီးများကို လျှော့ချခြင်းဖြင့် နယ်စပ်ဖြတ်ကျော် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် ပိုမိုလွယ်ကူစေရေးအတွက် ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

သို့မှသာ စီးပွားရေးတိုးတက်မှုကို မြှင့်တင်ပေးရုံသာမကဘဲ အလုပ်အကိုင်များ ဖန်တီးပေးပြီး နိုင်ငံ သားများ၏ လူနေမှုဘဝ မြှင့်တင်ပေးနိုင်မှာဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

တရုတ်-အာဆီယံ ကုန်စည်ပြပွဲများနှင့် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးများကို ၂၀၀၄ ခုနှစ်မှစ၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့တွင် နှစ်စဉ် ကျင်းပလာခဲ့ပြီး ယခုအကြိမ်သည်အကြိမ် (၂၀) မြောက်ဖြစ်သည်။

“RCEP အခွင့်အလမ်းများကို ဆုပ်ကိုင်ရင်း ပွင့်လင်းသော ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်” ခေါင်းစဉ်ဖြင့် တရုတ်-အာဆီယံ စီးပွားရေးခေါင်းဆောင်များ ဖိုရမ်ကျင်းပခဲ့ရာတွင် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံဝန်ကြီးချုပ် H.E.Sonexay Siphandone , CCPIT ဥက္ကဋ္ဌ H.E.Ren Hongbin, Guangxi Zhuang Autonomous Region ပြည်နယ်မှူး H.E.Lan Tianli ,  ASEAN-China Centre မှ အထွေထွေအတွင်းရေးမှူးချုပ် H.E Shi Zhongjun,  Trilateral Cooperation Secretariat မှ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် Mr. Yan Liang , ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်း နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကုန်သည်စက်မှုအသင်း  ဥက္ကဋ္ဌများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here