ကလေးငယ်အပါအဝင် မြန်မာ မိသားစု (၃) ဦး မလေးရှားသို့ အလုပ်လုပ်ရန် ရောက်ရှိခဲ့ပြီး ရက်ပိုင်းအတွင်းမှာပင် မိခင်ဖြစ်သူ နှလုံးရောဂါဖြင့် ကွယ်လွန်

0
273

ရင်ခွင်ပိုက် ကလေးငယ်အပါဝင် မြန်မာမိသားစု (၃) ဦးမှာ အလုပ်လုပ်ရန် မလေးရှားနိုင်ငံသို့ အထောက်အထားမဲ့ဖြင့် ဝင်ရောက်ပြီး ရက်ပိုင်းအကြာမှာပင် ကလေးငယ်၏ မိခင်ဖြစ်သူမှာ အသက်ရှုကြပ် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ရကြောင်း မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)မှ သိရသည်။

ရင်ခွင်ပိုက်ကလေးငယ် မောင်စွမ်းထက်ပိုင်နှင့် မိဘ(၂) ဦးဖြစ်သူ ကိုပိုင်နှင့် မချစ်ခင်တို့မှာ မကြာမီ ရက်ပိုင်း အတွင်းက အသိမိတ်ဆွေများရှိသည့် မလေးရှားနိုင်ငံ၊ စလန်းကောပြည်နယ်၊ ကလန်းမြို့သို့ အလုပ်လုပ်ရန် အရဲစွန့်ကာ အထောက်အထားမဲ့ဖြင့် ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

“မိဘတွေဖြစ်တဲ့ မချစ်ခင်ရယ် ကိုပိုင်ရယ် ပြီးတော့ ကလေးငယ်နဲ့က မလေးရှားကိုလာတဲ့ လမ်းတလျှောက်မှာ အထောက်အထားမဲ့နဲ့ပေါ့။ အခက်အခဲပေါင်းစုံကို ကျော်ဖြတ်ပြီး မကြာမီရက်ပိုင်းကမှ မိတ်ဆွေတွေရှိရာဆီ မိသားစု လိုက်ရောက်ရှိခဲ့သော်လည်း မတူညီတဲ့ ရာသီဥတုနဲ့ ကြမ်းတမ်းတဲ့ ဒေသတွေကို ဖြတ်ကျော်လာရလို့ မူလတွင်ရှိသော ရောဂါအခံ အသက်ရှူကြပ် နှလုံးရောဂါနဲ့ ကွယ်လွန်ရတာပါ။”ဟု မြန်မာလူမှုကူညီရေးအသင်း (မလေးရှား)က ပြောဆိုသည်။

မိခင်ဖြစ်သူ မချစ်ခင်မှာ လမ်းခရီးကြမ်းတမ်းသည့် ဒဏ်များနှင့် မူလရောဂါအခံ အသက်ရှုကြပ်ခြင်း၊ နှလုံးရောဂါ ဝေဒနာခံစားခဲ့ရပြီး မလေးရှားရောက်ခါစ ငွေကြေးမရှိ၊ ဆေးရုံသွားရန် အထောက်အထား မရှိ၊ ဘာသာစကား ကူပြောမည့်သူ မရှိခြင်းများကြောင့် ဆေးရုံကြီးသို့ အချိန်လွန်မှရောက်ရှိကာ စက်တင်ဘာ (၁၈) ရက်တွင် ဝေဒနာအပြင်းအထန်ခံစားရပြီး ကလန်းမြို့ဆေးရုံဝန်းထဲတွင် ကွယ်လွန်သွားခဲ့ရကြောင်း သိရသည်။

မချစ်ခင်မှာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တအာင်းဒေသ၊ နမ့်ဆန်မြို့နယ်ရှိ မန်မိုင်းကျေးရွာတွင် နေထိုင်သူဖြစ်ပြီး နာရေးကိစ္စအား မလေးရှားနိုင်ငံသား (၁)ဦးက မြန်မာလူမှုကူညီရေးအသင်း (မလေးရှား)ထံ ဆက်သွယ်လာခြင်းကြောင့် လိုအပ်သည့် ကိစ္စများအတွက် ကူညီပေးလျက်ရှိကြောင်း မြန်မာလူမှုကူညီရေးအသင်း (မလေးရှား)မှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here