ယူကရိန်းအတွက် ငြိမ်းချမ်းရေးအစီအစဉ်ရှိလျှင် မျှဝေရန် ထရမ့်ကို ဇလန်းစကီးတိုက်တွန်း

0
217

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်တွင် ယူကရိန်းနှင့် ရုရှားတို့အကြား စစ်ပွဲများကို အဆုံးသတ်ရန် နည်းလမ်းရှိပါက ယင်း ငြိမ်းချမ်းရေး အစီအစဉ်များကို လူသိရှင်ကြားမျှဝေရန် ယူကရိန်းသမ္မတ ဇလန်းစကီးက ထရမ့်ကို တိုက်တွန်းသော်လည်း၊ ယူကရိန်းဖက်မှ နယ်မြေစွန့်လွှတ်ရမည့် အစီအစဉ်မျိုးကိုမူ မိမိလက်ခံမည်မဟုတ်ကြောင်း သူက ထပ်လောင်းပြောကြားခဲ့သည်။

“သူဟာ သူ့စိတ်ကူးကို အခုပဲ လူသိရှင်ကြား မျှဝေနိုင်တယ်၊ အချိန်မဖြုန်းဘဲ၊ လူတွေကို မဆုံးရှုံးစေဘဲ၊ လူသိရှင်ကြား မျှဝေနိုင်တယ်။ ‘ကျွန်ုပ်ရဲ့ ဖော်မြူလာက စစ်ပွဲကို ရပ်တန့်ဖို့ ဒီအဖြစ်ဆိုးတွေအားလုံးကို ရပ်တန့်ပြီး ရုရှားရဲ့ ရန်လိုမှုတွေကို ရပ်လိုက်ဖို့’ လို့လဲ သူပြောနိုင်ပါတယ်” ဟု ဇလန်းစကီးက ပြောကြားခဲ့သည်။

“ဒါပေမယ့် ကျွန်တော်တို့ပိုင်နက်နယ်မြေတွေ ပူတင်ကို ပေးရမယ်ဆိုတဲ့ အစီအစဉ်ကတော့ ငြိမ်းချမ်းရေးဖော်မြူလာမဟုတ်ဘူး” ဟုလည်း ယူကရိန်းသမ္မတက ပြောကြားခဲ့သည်။

လာမည့် ၂၀၂၄ သမ္မတရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန်သမ္မတလောင်းအဖြစ် ရှေ့ဆုံးမှအရွေးခံမည့်သူ ဒေါ်နယ်ထရမ့်က ယူကရိန်းသမ္မတ ဇလန်းစကီးနှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့နှစ်ဦး ၂၄ နာရီအတွင်း သဘောတူညီမှုရရှိပြီး စစ်ပွဲကို အဆုံးသတ်စေရန် သူစွမ်းဆောင်နိုင်ကြောင်း အခိုင်အမာဆိုထားသည်။

အဆိုပါ သဘောတူညီမှုဆိုသည်မှာ လက်ရှိ ရုရှားတို့က သိမ်းယူထားသည့် ယူကရိန်းနယ်မြေများကို ဆက်လက်သိမ်းပိုက်ထားခွင့်ပေးမည့် အစီအစဉ်မျိုးကို ဆိုလိုသလောဟု ထရမ့်အားမေးမြန်းရာတွင် ထရမ့်က “မဟုတ်ဘူး၊ မဟုတ်ဘူး၊ နှစ်ဖက်စလုံးအတွက် တရားမျှတစွာ ညှိနှိုင်းပေးမှာပါ။ တစ်ဖက်စောင်းနင်း မဟုတ်ဘူး၊ တရားမျှတအောင် လုပ်မှာပါ”ဟု ပြန်လည်ဖြေကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here