ပြည်ပခရီးသွားဧည့်သည်များ၏ ပြည်တွင်းခရီးစဉ်များကို တစ်ပါတ်ကြိုတင်၍ ခွင့်ပြုချက်တောင်းရဟုဆို

0
276

လုံခြုံရေး အခြေအနေများအရ ပြည်တွင်းသို့ လာရောက်လည်ပတ်မည့် ပြည်ပခရီးသွားများအနေဖြင့် မိမိတို့၏ ခရီးစဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနထံ တစ်ပတ်ကြိုတင်အကြောင်းကြား၍ ခွင့်ပြုချက် တောင်းခံနေရကြောင်း သိရသည်။

မြန်မာပြည်အတွင်းရှိ ပြည်ပခရီးသွားများ စိတ်ဝင်စားသည့် သွားလာလည်ပတ်စရာ အပန်းဖြေနေရာအချို့မှာ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက်နောက်ပိုင်း နိုင်ငံရေးအခြေအနေများအရ လုံခြုံရေးစိတ်မချရသည့် အနေအထား ရှိနေခြင်း ဖြစ်သည်။

ယင်းကဲ့သို့ အခြေအနေများရှိနေခြင်းကြောင့် ပြည်ပခရီးသွားဧည့်သည် ဝင်ရောက်မှု လျော့ကျခဲ့ရသည့် အခြေအနေများရှိခဲ့ကြောင်း ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများထံမှ စုံစမ်းသိရသည်။

“ပြီးခဲ့တဲ့ရက်က ဗြိတိန်က မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကြေညာချက်ထုတ်တယ်။ ဒီလိုကြေညာချက်ထုတ်တာဟာ ခရီးသွားကဏ္ဍကို ထိခိုက်တာများတယ်။ အခြားနိုင်ငံတွေကလည်း အရင်ဦးဆုံးလေ့လာပြီးမှ လာကြတာ။ အခုတော့ ခရီးစဉ်ကို တစ်ပါတ်ကြိုပြီး တင်ပြရတယ်။ လုံခြုံရေးအရပေါ့” ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။

မြန်မာနိုင်ငံရှိ တိုင်းနှင့် ပြည်နယ် (၉) ခုကို ဗြိတိန်နိုင်ငံသားများ ခရီးသွားလာမှု လုံး၀မပြုလုပ်ရန် ဗြိတိန်အစိုးရ၏ The Foreign, Commonwealth and Development Office (FCDO)က စက်တင်ဘာလ တတိယပတ်အတွင်းက သတိပေးချက် ထပ်မံထုတ်ပြန်ခဲ့ခြင်းနှင့်ပတ်သက်၍ ဦးနောင်းနောင်းဟန်က ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

လက်ရှိတွင် ပြည်ပခရီးသွားဧည့်သည့်အများ ဆုံးသွားရောက်လည်ပတ်သည့် ရန်ကုန်၊ ပုဂံ၊ မန္တလေး၊ ကလောနှင့် ပင်လယ် ကမ်းခြေခရီးစဉ်များအတွက် ကြိုတင်တင်ပြရခြင်းကို ဖြေလျှော့ပေးရန် ဆွေးနွေးနေကြောင်း သိရသည်။

ပြီးခဲ့သည့် ခရီးသွားရာသီတွင် ထိုင်းနိုင်ငံမှ အများဆုံးလာရောက်လည်ပတ်မှုရှိခဲ့ပြီး ယခုအခါ ၂၀၂၃ ခုနှစ်၏ ဇူလိုင်လနှင့် ဩဂုတ်လတွင် ပြည်တွင်းသို့လာရောက်လည်ပတ်သည့် တရုတ်ခရီးသွားများသည် ထိုင်းကိုကျော်လွန်၍ ပိုမိုများပြားလာကြောင်း သိရသည်။

FCDO က ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် မွန်ပြည်နယ်၊ ကချင် ပြည်နယ်၊ ချင်းပြည်နယ်၊ ကယား၊ ကရင်၊ စစ်ကိုင်းနှင့် မကွေး၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်၊ တနင်္သာရီတိုင်း တောင်ပိုင်းဒေသများကို ဗြိတိန်နိုင်ငံသားများအနေဖြင့် လုံးဝခရီးမသွားကြရန် အကြံပြုထားခြင်း ဖြစ်သည်။

ထို့အပြင် ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ တနင်္သာရီတောင်ပိုင်း၊ စစ်တွေခရိုင်အပါအဝင်
ရခိုင်ပြည်နယ် အလယ်ပိုင်း ဒေသတို့သို့လည်း မလိုအပ်ဘဲ ခရီးမသွားကြရန်နှင့် လိုအပ်၍ သွားရမည်ဆိုပါက ကြိုတင် ပြင်ဆင်သွားရောက်နိုင်ရန်လည်းအကြံပြု ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here