ပူတင်နှင့်ရှီတို့ အောက်တိုဘာ တွင်ပေကျင်း၌တွေ့ဆုံရန်ရှိ

0
165

မော်စကို၊စက်တင်ဘာ ၂၀

လာမည့်အောက်တိုဘာလတွင် ပေကျင်း၌ ရုရှားသမ္မတပူတင်နှင့် တရုတ်သမ္မတရှီတို့ တွေ့ဆုံလိမ့်မည်ဖြစ်ကြောင်း ရုရှားက သတင်းထုတ်ပြန်ခဲ့သည်။

ယခုခရီးစဉ်သည် သမ္မတပူတင်အား နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) က ဖမ်းဝရမ်းထုတ်ပြီးနောက်ပိုင်း ပထမဆုံးသွားရောက်သည့်ပြည်ပခရီးစဉ်တစ်ခုလည်းဖြစ်သည်။

ပူတင်၏မဟာမိတ်ဖြစ်သကဲ့သို့ ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူးလည်းဖြစ်သည့် နီကိုလိုင် ပက်ထရီရှက်ဖ် ကမူ ရုရှားနှင့်တရုတ်နှစ်နိုင်ငံလုံးကို ထိန်းချုပ်ရန် အနောက်နိုင်ငံများ၏ကြိုးပမ်းမှုရှိနေချိန်၌ ၎င်းတို့နှစ်နိုင်ငံအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာလုပ်ဆောင်သင့်သည်ဟုလည်းပြောကြားခဲ့သည်။

ရုရှားသည်ယူကရိန်းအရေးကြောင့် အနောက်အုပ်စုများ၏ပိတ်ဆို့ဒဏ်ခတ်မှုခံခဲ့ရပြီးနောက် တရုတ်၊မြောက်ကိုရီးယားစသည့်နိုင်ငံများသို့လှည့်ကာ ကူးလူးဆက်ဆံမှုပြုခဲ့ပြီး တရုတ်သည်လည်း ရုရှားအတွက်အမြဲအဆင်သင့်ရှိနေခဲ့သည်။

ယူကရိန်းအရေးစတင်ကတည်းက တရုတ် – ရုရှား ကုန်သွယ်မှုသည်လည်းမြင့်တက်လာခဲ့ပြီး ရုရှားသည် ပိတ်ဆို့အရေးယူမှုများကြောင့် အနောက်နိုင်ငံများသို့ မရောင်းချနိုင်တော့သည့်၎င်း၏ရေနံများအား တရုတ်အပါအဝင် အာရှအင်အားကြီးများသို့ပြောင်းလဲရောင်းချခဲ့သည်။

သမ္မတပူတင်သည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ပေကျင်းသို့ နောက်ဆုံးအကြိမ်သွားရောက်ခဲ့ကာ ယူကရိန်းအရေးမတိုင်မီရက်ပိုင်းအလို၌ ၎င်းနှင့်ရှီကျင့်ဖျင်တို့သည် အကန့်အသတ်မရှိသောမိတ်ဖက်ဆက်ဆံရေးရှိကြောင်းကြေငြာခဲ့သည်။

သို့သော်လည်း မော်စကိုကမူ ၎င်း‌ကြေငြာချက်သည် စစ်ရေးမဟာမိတ်ဖွဲ့ခြင်းကိုမဆိုလိုကြောင်းပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here